သြစတြေးလျ လိင်တူလက်ထပ်ခွင့် တခဲနက် ထောက်ခံ

  • 15 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption မဲရလဒ်ကြောင့် သြစတြေးလျနိုင်ငံ အနှံ့အပြားမှာ ပျော်ရွှင်နေကြ

သြစတြေးလျ နိုင်ငံသားတွေဟာ တရားဝင် လိင်တူ လက်ထပ်ခွင့် အတွက် သမိုင်းဝင် ဆန္ဒခံယူပွဲမှာ ထောက်ခံကြောင်း ပြသလိုက်ပါတယ်။

စာတိုက်ကနေ တဆင့် မဲဆန္ဒ ပေးပို့ရတဲ့ အဲဒီ အလွတ်သဘော ဆန္ဒခံယူပွဲမှာ ၆၁.၆ ရာခိုင်နှုန်း ဟာ လိင်တူ မောင်နှံတွေ တရားဝင် လက်ထပ်ခွင့် ရှိသင့်တယ်လို့ ဆန္ဒပြုကြောင်း သြစတြေးလျ စာရင်းအင်းဗျူရိုက ပြောပါတယ်။

ဒီရလဒ်ကြောင့် ပျော်ရွှင်နေတဲ့ လိင်တူ လက်ထပ်ခွင့် ထောက်ခံသူတွေဟာ အများပြည်သူ ဆိုင်ရာ နေရာတွေမှာ သက်တန့်ရောင်စုံ အလံတွေ ဝှေ့ယမ်းပြီး သီချင်းတွေနဲ့ ကခုန် အောင်ပွဲခံနေကြပါတယ်။

သြစတြေးလျမှာ လိင်တူ လက်ထပ်ခွင့် ဥပဒေ ပြင်ဆင်ရေး နှစ်ကာလကြာရှည် ဆွေးနွေး ငြင်းခုံ ခဲ့အပြီးမှာ အခုလို ပြည်သူ လူထုက မိမိ ဆန္ဒအလျောက် စာတိုက်ကနေ မဲပေးခဲ့ရတဲ့ ဖြစ်စဉ် ဖြစ်ခဲ့တာပါ။

လာမယ့် နာတာလူး ပွဲတော် ကာလ မတိုင်မီ ဒီ ရလဒ်ကို လွှတ်တော်မှာ ဥပဒေ အဖြစ် အတည်ပြု နိုင်ဖို့ ရည်မှန်းထားတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် မဲလ်ကွမ် တန်းဘူးလ်က ပြောပါတယ်။