ဇင်ဘာဘွေမှာ စစ်တပ်က အာဏာသိမ်းယူ

  • 15 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မြို့တော်ရဲ့ အပြင်ဘက်မှာ စစ်တပ်က သံချပ်ကာကားတွေ နေရာယူထား

အာဖရိကတိုက် တောင်ပိုင်းက ကုန်တွင်းပိတ် နိုင်ငံတခု ဖြစ်တဲ့ ဇင်ဘာဘွေမှာ စစ်တပ်က အာဏာထိန်းချုပ်လိုက်ပြီး ၁၉၈၀ ခုနှစ်ကတည်းက အာဏာရယူထားတဲ့ သမ္မတ မူဂါဘီကတော့ ဘေးကင်းလုံခြုံတယ်လို့ ပြောပါတယ်။

အစိုးရပိုင် ရုပ်မြင်သံကြားဌာနကို စစ်တပ်က သိမ်းယူပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုင်းပြည်ရဲ့ လူမှုစီးပွားကို ဆုတ်ယုတ်စေတဲ့ သမ္မတ မူဂါဘီရဲ့ အဝန်းအဝိုင်းက နီးစပ်သူတွေကို ပစ်မှတ်ထားမယ်လို့လည်း ပြောပါတယ်။

ဇင်ဘာဘွေ စစ်တပ်ရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် စီဘူစီဆိ မိုယိုရဲ့ အဲဒီ ထုန်ပြန်ချက်မှာ သမ္မတမူဂါဘီနဲ့ မိသားစုရဲ့ လုံခြုံရေးကို အာမခံထားပြီး စစ်တပ်အနေနဲ့ ရာဇဝတ်မှုကျူးလွန်နေတဲ့ ရာဇဝတ်သားတွေကို ပစ်မှတ်ထား အရေးယူ မယ်လို့ ဆိုပါတယ်။

အခုလို စစ်တပ်က အာဏာသိမ်းခဲ့မှုကို သွေးစွန်းမှု မရှိတဲ့ အကူးအပြောင်း အဖြစ် အာဏာရပါတီကို ကိုယ်စားပြုတဲ့ အွန်လိုင်း လူမှုကွန်ရက် တွစ်တာက သတင်းစကားတွေမှာ ဆိုကြပါတယ်။

သမ္မတ မူဂါဘီက ဇနီး ဖြစ်သူကို နေရာပေးနိုင်ဖို့ အတွက် သူ့ရဲ့ လက်ထောက် အီမာဆင် မန်နာဂွာကို ရာထူးက ဖြုတ်ချအပြီး ဒီဖြစ်ရပ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အသက်အရွယ်ရနေပြီဖြစ်တဲ့ သမ္မတ မူဂါဘီရဲ့အရိုက်အရာကို ဇနီးဖြစ်သူ ဂရေ့စ်က ဆက်ခံမယ်ဆိုပြီး ရှုမြင်ခဲ့ကြ

စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ အခု ဖြစ်ရပ်က အာဏာသိမ်းတာ မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး သမ္မတ မူဂါဘီက ဘေးကင်းလုံခြုံစွာ ရှိနေတယ်လို့ ပြောပေမယ့် အခု သူ ဘယ်မှာရှိနေတယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်းက မြို့တော် ဟီရာရီ မြောက်ပိုင်းမှာ သေနတ်ပစ်သံတွေ ကျယ်ကျယ်လောင်လောင် ကြားခဲ့ရပါတယ်။

စစ်တပ် ထိန်းချုပ်မှုနဲ့ ပတ်သက်ပြီး သမ္မတ မူဂါဘီဘက်ကတော့ တစုံတရာ ပြောတာမျိုး မရှိသေးပါဘူး။

ဟီရာရီ မြို့တော်က အမေရိကန်နဲ့ ဗြိတိန် သံရုံးတွေကတော့ ဇင်ဘာဘွေရောက် သူတို့ရဲ့ နိုင်ငံသားတွေကို အခြေအနေတွေ ရှင်းရှင်းလင်းလင်း မသိရသေးခင် ဘေးကင်း လုံခြုံရာ နေအိမ်တွေကနေ အပြင်မထွက်ကြဖို့ အကြံပြုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အာဏာသိမ်းပွဲ ဖြစ်နိုင်ကြောင်း စစ်တပ်ခေါင်းဆောင် ချီဝန်ဂါး ဆိုခဲ့ဖူး

ဇမ်ဘာဘွေ စစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာတော့ တိုင်းပြည်ရဲ့ တရားစီရင်ရေးနဲ့ လွတ်လပ်ရေးကို အာမခံထားပြီး နိုင်ငံသူ နိုင်ငံသားတွေ အနေနဲ့ စိုးရိမ်သောက မဖြစ်ကြဖို့ ဆိုထားပါတယ်။ ဒါ့အပြင် လုံခြုံရေးဝန်ထမ်းတွေကိုလည်း တိုင်းပြည် အတွက် ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားပြီး ဆန့်ကျင်သူတွေကို ထိထိရောက်ရောက် တုံ့ပြန်မယ်လို့ ပြောပါတယ်။ ခွင့်ရက်ခံစားနေတဲ့ စစ်သည်အားလုံးကိုလည်း သက်ဆိုင်ရာ စစ်တန်းလျာတွေဆီ ပြန်လည် သတင်းပို့ဖို့ ကြေညာထားပါတယ်။

ဒီလို စစ်တပ်က အာဏာရယူခဲ့မှုကို ဘယ်သူက ဦးဆောင်နေသလဲ ဆိုတာ အခု အချိန်အထိတော့ မသိရသေးပါဘူး။

သိပ်မကြာခင်တုန်းကတော့ တပ်မတော် အကြီးအကဲ ကွန်စတန်တီနို ချီဝန်ဂါးက အာဏာရ ပါတီထဲက မလိုလားအပ်သူတွေကို ဖယ်ရှားပစ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုခဲ့ဖူးပါတယ်။

ဘီဘီစီ တဝန်း