LGBT တွေကို ခွဲခြားဆက်ဆံခဲ့မှုအတွက် ကနေဒါ ဝန်ကြီးချုပ်တောင်းပန်

  • 29 နိုဝင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP-Getty Images
Image caption ကနေဒါအစိုးရဟာ ဆိုဗီယက်အေးဂျင့်တွေရဲ့ အစီအစဉ်နဲ့ ဂေးနဲ့ လိင်တူစုံမက်သူတွေကို ခြိမ်းခြောက်အကျပ်ကိုင် အလုပ်ထုတ်ခဲ့

စစ်အေးခေတ်ကာလအတွင်းအပါဝင် LBBT တွေကို ခွဲခြားနှိမ့်ချဆက်ဆံမှုတွေ ရှိခဲ့တဲ့အပေါ် ကနေဒါရဲ့ လက်ရှိဝန်ကြီးချုပ် ဂျက်စတင် ထရူဒေါက LGBT တွေကို ဝန်ချတောင်းပန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ စစ်အေးခေတ်ကာလအတွင်း ဂေးတွေအပါဝင် အမျိုးသမီးအချင်းချင်း လိင်တူဆက်ဆံသူတွေကို ကနေဒါအစိုးရအနေနဲ့ ဝန်ထမ်းအဖြစ်ကနေ ထုတ်ပယ်တာ စစ်မှုထမ်းအဖြစ်ကနေ ထုတ်ပယ်တာတွေ ရှိခဲ့ပါတယ်။

ကနေဒါအစိုးရအနေနဲ့ နစ်နာခဲ့ရတဲ့ LGBT တွေအတွက် တရားရေးဆိုင်ရာနစ်နာမှုအဖြစ် လျော်ကြေး အမေရိကန်ဒေါ်လာ ၇၈ သန်းအထိပေးဖို့ လျာထားပါတယ်။

အဲဒီ LGBT အမှုတွေနဲ့ ပတ်သက်တဲ့ တရားရုံးတွေက အထောက်အထား ဖျောက်ဖျက်ပစ်မှုတွေအတွက်လည်း မစ္စတာထရူဒေါဟာ ဥပဒေကြမ်းတရပ်ကို လွှတ်တော်ကို တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။

ဒါဟာအလွန်ရှက်စရာကောင်းတဲ့ ကိစ္စရပ်ဖြစ်ပြီး ကျွန်တော်တို့ လုပ်ခဲ့တဲ့ ကိစ္စတွေအပေါ် အလွန်အမင်းပဲ နောင်တရမိသလို အလွန်အမင်းလည်း ဝမ်းနည်းရပါတယ်လို့ ဂျက်စတင် ထရူဒေါက ပြောပါတယ်။

မစ္စတာထရူဒေါရဲ့ ပြောဆိုချက်ကို လူ့အခွင့်အရေးလှုပ်ရှားသူတွေအပါဝင် ကဏ္ဍအသီးသီးက ပုဂ္ဂိုလ်တွေကလည်း ကြိုဆိုခဲ့ကြပါတယ်။

ကနေဒါနိုင်ငံကို ခေတ်သစ်ကနေဒါနိုင်ငံအဖြစ် တည်ဆောက်နေချိန်မှာ ကျွန်တော်တို့ရဲ့ အတိတ်ကို ကျွန်တော်တို့ မေ့လို့မရပါဘူးလို့ ထရူဒေါက ပြောပါတယ်။

စစ်အေးခေတ်ကာလတလျှောက် ကနေဒါအစိုးရဟာ ဆိုဗီယက်အေးဂျင့်တွေရဲ့ အစီအစဉ်နဲ့ ဂေးနဲ့ လိင်တူစုံမက်သူတွေကို ခြိမ်းခြောက်အကျပ်ကိုင် အလုပ်ထုတ်တာတွေလုပ်ခဲ့တာပါ။

မစ္စတာ ထရူဒေါဟာ ၂၀၁၆ ခုနစ်ကလည်း ၁၉၁၄ ခုနစ်က ဖြစ်ခဲ့တဲ့ ကွန်မာဂါဒါ မာရူဖြစ်စဉ်အတွင်း ကနေဒါနိုင်ငံမှာ ရွှေ့ပြောင်း အခြေချတဲ့ ဟိန္ဒူ ၊ ဆစ်နဲ့ မွတ်ဆလင်တွေကို မောင်းထုတ်ခဲ့မှုအပေါ် တောင်းပန်မှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။