ပုံမှန်မဟုတ်ပဲ ဆန်စပါးဈေးတက်

  • 1 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Khin Maung Win
Image caption စပါးပေါ်ချိန်မှာ အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲနှုန်း ပိုများတဲ့အတွက်လည်း လယ်သမားတွေ ဈေးပိုရတာ ဖြစ်

မြန်မာနိုင်ငံမှာ ပုံမှန်အားဖြင့် စပါးသစ် ပေါ်တဲ့အချိန်မှာ စပါးဈေးနဲ့ ဆန်ဈေး ကျလေ့ရှိပေမယ့် လက်ရှိ ၂၀၁၇ ခုနှစ် မှာတော့ မကျပဲ တရိပ်ရိပ် တက်နေတယ်လို့ ဆန်စပါး ကုန်သည်တွေက ပြောပါတယ်။

လက်ရှိ ၂၀၁၇ ခုနှစ်အတွင်းမှာ တရုတ်နိုင်ငံကို ဝင်ရောက်နေကျ ဗီယက်နမ်နိုင်ငံက ဆန်တွေ မဝင်ရောက်တဲ့အတွက် မြန်မာနိုင်ငံကို လာရောက် ဝယ်ယူမှုတွေ ရှိနေပြီး ရန်ကုန်ဘက်က ကုန်သည်တွေကလည်း နိုင်ငံခြားကို တင်ပို့ဖို့ စာချုပ် ချုပ်ထားတာ ရှိနေတဲ့အတွက် နှစ်ဖက် အဝယ်များပြီး ဈေးတက်နေတာလို့ မူဆယ် အခြေစိုက် ဆန်ကုန်သည် ဦးမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

လောလောဆယ်မှာ ဧည့်မထ အုပ်စုဝင် စပါးဈေးဟာ တင်းတရာကို ကျပ် ၅ သိန်းကနေ ၆ သိန်းကြားအထိ ဈေးတက်နေပြီး ပြီးခဲ့တဲ့နှစ်ကတော့ ဒီစပါးအမျိုးအစားရဲ့ တင်းတရာ ဈေးနှုန်းဟာ ကျပ် လေးသိန်း ဝန်းကျင်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ယခင်နှစ်တွေထက် မြန်မာနိုင်ငံက ဆန်တန်ချိန် ၅ သိန်း နီးပါးလောက် ပိုပြီး ဝယ်ယူလာတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နဲ့ သီရိလင်္ကာနိုင်ငံတွေကလည်း မြန်မာနိုင်ငံက သယ်ယူစရိတ်သက်သာတဲ့အတွက် မြန်မာနိုင်ငံက ဆန်ကကို ဒီနှစ် ၂၀၁၇ မှာ ပိုပြီး ဝယ်ယူလာကြတာ ဖြစ်ပြီး စပါးပေါ်ချိန်မှာ အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲနှုန်း ပိုများတဲ့အတွက်လည်း လယ်သမားတွေ ဈေးပိုရတာ ဖြစ်တယ်လို့ သိရပါတယ်။

စပါးဈေးကွက်မှာ ပို့ကုန် ၇၅ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ ငါးနိုင်ငံဖြစ်တဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ထိုင်း၊ ဗီယက်နမ်နဲ့ အမေရိကန်တို့ဆီမှာ ကုန်ကြမ်း များများမရှိတဲ့ အတွက် ပြည်ပပို့ဈေး အပါအဝင် စပါးဈေး ပြန်ကျဖို့ မရှိဘူးလို့ ရန်ကုန်အခြေစိုက် ဆန်ကုန်သည် ဦးမျိုးသူရအေးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိ အခြေအနေမှာ ပဲအစား နွေစပါးစိုက်တဲ့ တောင်သူတွေလည်း ရှိလာတဲ့အတွက် အလွန်အကျွံတော့ ဈေးထပ်မတက်နိုင်ဘူးလို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်တန်ချိန် ၁.၅ သန်း နီးပါး တင်ပို့ခဲ့ပြီး ဒီနှစ်မှာတော့ နိုဝင်ဘာလကုန်အထိ ဆန်တန်ချိန် ၂ သန်းကျော် တင်ပို့ထားတဲ့အတွက် ဒီနှစ်မှာ စံချိန်တင် ဆန်တန်ချိန် ၂.၇ သန်း တင်ပို့နိုင်မယ်လို့ ဆန်ကုန်သည်တွေက ခန့်မှန်းနေကြပါတယ်။