Facebook ကုမ္ပဏီက လန်ဒန်ရုံးသစ် ဖွင့်

  • 4 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Getty Images
Image caption လန်ဒန်ရုံးက အမေရိကန်ပြင်ပမှာ ဖေ့စ်ဘုတ်ရဲ့ အကြီးဆုံးရုံးဖြစ်လာပါမယ်

လူမှုကွန်ရက် စာမျက်နှာ ဖေ့စ်ဘုတ်က လန်ဒန်မြို့မှာ ရုံးသစ်ဖွင့်လိုက်ပြီး အလုပ်သစ် ၈၀၀ ခန့်ဖို့ရှိပါတယ်။ ရုံးသစ်မှာ နောက်နှစ်ကုန်ပိုင်းလောက်ကျရင် လူပေါင်း ၂၃၀ဝ လောက် အလုပ်လုပ်ကြမှာ ဖြစ်ပါတယ်။

ယူကေမှာ ဖေ့စ်ဘုတ်လုပ်ငန်း လုပ်ခဲ့တဲ့ ဆယ်နှစ်ပြည့်အချိန်မှာ လူမှုကွန်ရက် နည်းပညာ ဗဟိုဌာနကြီး တစ်ခုကို ဖွင့်လှစ်တာ ဖြစ်ပြီး ဒါဟာ အမေရိကန်ပြင်ပမှာ အကြီးဆုံးဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ စွန့်ဦးတီထွင် စီးပွားလုပ်ဆောင်မှုနဲ့ နည်းပညာပိုင်း တိုးတက်မှုတွေဟာ နည်းပညာ ကုမ္ပဏီတွေအတွက် အရေးကြီးတဲ့ အချက်ဖြစ်တာကြောင့် ဖေ့စ်ဘုတ်က ယူကေမှာ ပိုပြီး ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်လို့ ဖေ့စ်ဘုတ်ရဲ့ ဥရောပ၊ အာရှနဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာ ဒုဥက္ကဌ နီကိုလာ မန်းဒယ်ဆင် က ပြောပါတယ်။

ဗြိတိန်ဟာ စီးပွားရေး စွမ်းဆောင်ရှင်တွေနဲ့ ထူးချွန်ထက်မြက်တဲ့ အင်ဂျင်နီယာတွေအတွက် စံပြတည်နေရာ တခုပဲဖြစ်တယ်လို့ သူက ဆိုပါတယ်။

ဗိသုကာ ဖရင့်ဂီ ဒီဇိုင်းရေးဆွဲခဲ့တဲ့ လန်ဒန်မြို့လယ်မှာ ရှိတဲ့ ၇ ထပ် အဆောက်အအုံကို ဖေ့စ်ဘုတ်ရဲ့ ဌာနအဖြစ် အသုံးပြုမှာ ဖြစ်ပါတယ်။

ဒီအဆောက်အအုံဟာ အင်ဂျင်နီယာတွေနဲ့ စွန့်ဦးတည်ထွင်သူတွေအတွက် ဈေးကွက် ရှာဖွေရာ ရောင်းချရာ နေရာဖြစ်လာမှာပါ။

ယူကေ အခြေစိုက် နည်းပညာ စွန့်ဦးတီထွင်သူတွေကိုလည်း ဖိတ်ခေါ်ပြီး လူမှုကွန်ရက် နည်းပညာ အသစ်တွေ ဖန်တီးနိုင်အောင် ပံ့ပိုးသွားမယ်လို့ ဖေ့စ်ဘုတ်က ဆိုပါတယ်။

ဖေ့စ်ဘုတ်ရဲ့ အင်ဂျင်နီယာဌာန၊ ထုတ်ကုန်နဲ့ ပူးပေါင်း လုပ်ဆောင်မှု ဌာနက ကျွမ်းကျင်သူတွေကလည်း အဆိုပါ နည်းပညာ ကုမ္ပဏီ အသစ်တွေနဲ့ လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။