တိုင်ဝမ် တရားမျှတမှု ဖော်ဆောင်ရေး ဥပဒေ ပြဋ္ဌာန်း

  • 6 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် SAM YEH
Image caption ချန်ကေရှိတ် ကို အမျိုးသား ခေါင်းဆောင် အဖြစ် သတ်မှတ်ခဲ့

တိုင်ဝမ်မှာ သမ္မတ ချန်ကေရှိတ် လက်ထက်က နှိပ်စက် သတ်ဖြတ် ဖမ်းဆီးခံရသူတွေ အတွက် တရားမျှတမှု ဖော်ဆောင်ရေး ဥပဒေ ကို ပါလီမန်ကနေ ပြဋ္ဌာန်းလိုက်ပါပြီ။

တရုတ်ပြည်မကြီး ကွန်မြူနစ် အုပ်စိုးမှု အောက် ရောက်သွားပြီးနောက် တိုင်ဝမ်ကို ထွက်ပြေးလာတဲ့ သမ္မတ ချန်ကေရှိတ် မိသားစု လက်ထက် ၁၉၄၉ က စပြီး ၁၉၈ဝ ကျော်အထိ ထိုင်ဝမ်မှာ ဖိနှိပ် အုပ်စိုးမှုတွေ ဖြစ်ခဲ့ပါတယ်။

တိုင်ဝမ်မှာ ခေါင်းဆောင်ဟောင်း ချန်ကေရှိတ်ဆိုတဲ့ ရည်ညွှန်းစကား အပါအဝင် အာဏာရှင်နဲ့ ပတ်သက်တဲ့ အတိတ်က အမှတ်သညာ တွေ အားလုံးကို ဖယ်ရှားပစ်ဖို့ ထိုင်ဝမ် ပါလီမန်က မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

အခု ဥပဒေအရ လမ်းမတွေ၊ စာသင်ကျောင်းတွေ ကို နာမည်သစ် ပြန်ပေးပြီး ရုပ်တုတွေကိုလည်း ဖယ်ရှားပစ်မယ်လို့ ဆို ပါတယ်။

နှစ်ပေါင်း ၄၀ ကျော်ကြာ ထားရှိခဲ့တဲ့ စစ်အုပ်ချုပ်ရေးဥပဒေကျင့်သုံးတဲ့ ကာလအတွင်း ပြစ်မှုကျူးလွန်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ပြန်လည် သုံးသပ်ခွင့်အတွက် အခုဥပဒေက ခွင့်ပြုထားပါတယ်။

ရေငုပ် သင်္ဘော ဆောက်ဖို့ တိုင်ဝမ် အတည်ပြု

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ်၊ အမေရိကန်၊ ထိုင်ဝမ် သုံးပွင့်ဆိုင်လွန်ပွဲ
ဓာတ်ပုံ မူပိုင် DAVID CHANG
Image caption တိုင်ပေ မြို့တော်က ချန်ကေရှိတ် အောက်မေ့ဖွယ် အဆောက်အအုံ

တိုင်ဝမ်ကို ပြေးလာတဲ့ ကူမင်တန် တရုတ်ဖြူ အုပ်စိုးမှုအောက်မှာ အစိုးရ ဆန့်ကျင်တယ်လို့ ယူဆတဲ့ လူအများအပြားကို ဖမ်းဆီး သတ်ဖြတ်တာတွေ ဖြစ်ပွားခဲ့တာပါ။

တိုင်ဝမ်ကျွန်းကို ကွန်မြူနစ်တွေ စိမ့်ဝင် သိမ်းပိုက်မှာ စိုးလို့ ဒီလို ဖိနှိပ် အုပ်စိုးမှုတွေ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖိနှိပ် မှုတွေ အဆုံးသတ်ပြီး အနှစ် ၃ဝ ကျော်ကြာမှ ဥပဒေ ပြဋ္ဌာန်းပြီး ပြည်သူတွေ ရဲ့ စိတ် အနာတရတွေကို ကုစားနိုင်ဖို့ ကြိုးစားကြတာ ဖြစ်ပါတယ်။

ဒီ အသွင်ကူးပြောင်းရေး တရားမျှတမှု ဥပဒေအရ ကော်မတီ တရပ် ဖွဲ့စည်းပြီး ချန်ကေရှိတ်ခေတ်က ဖြစ်ခဲ့တဲ့ မတရားမှုတွေကို ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။

အဲဒီချိန်က ထိခိုက် ခံစားခဲ့ရသူတွေနဲ့ မိသားစုတွေ အတွက် မှားယွင်း စီရင်ခံရမှုတွေကို ပြန်လည် စစ်ဆေးဖို့ ဒီကော်မတီက ကြားနာနိုင်မှာလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် gabriel__bostan
Image caption ပြည်မကြီးကနေ တိုင်ဝမ်ကို ပြေးလာရ

ဒီမှာ ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ်ဖို့ ကော်မတီက ၂ နှစ် စုံစမ်းရေး အစီအစဉ် တခု ဖော်ဆောင်ဖို့လည်း ရှိပါတယ်။

မတရားမှုတွေ ဖော်ထုတ်ရေးအတွက် မှတ်တမ်း အထောက်အထားတွေ အားလုံးကို ကော်မတီဆီ ထုတ်ပေးရမှာ ဖြစ်ပါတယ်။

ဒီထဲ အဲဒီချိန်က အာဏာရခဲ့ပြီး အခု အတိုက်အခံ ဖြစ်နေတဲ့ ကူမင်တန် ပါတီရဲ့ မှတ်တမ်းတွေကိုပါ ပေးရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကျူးလွန်သူတွေကို နာမည် ဖော်နိုင်တောင်မှ အများစုက သေဆုံးကုန်ကြပြီ ဖြစ်သလို အိုမင်း ကြီးရင့်ကုန်တာတွေလည်း ရှိနိုင်ပါတယ်။

တချို့ လေ့လာချက်တွေအရ ထိုင်ဝမ်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ အဲဒီခေတ်တွေ အတွင်း လူ တသိန်းခွဲနီးပါး ဖမ်းဆီးခံခဲ့ရပြီး ထောင်နဲ့ချီ သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

ချန်ကေရှိတ်ရဲ့ ကူမင်တန် အစိုးရက ထိုင်ဝမ်ကို တပါတီ စနစ်နဲ့ အနှစ် ၄ဝ ကျော် အုပ်ချုပ်ခဲ့ပြီး စစ်အုပ်ချုပ်ရေးကို ၁၉၉၂ ကျမှ လုံးဝ ရုပ်သိမ်းခဲ့တဲ့ ထိုင်ဝမ်ဟာ ခုတော့ လစ်ဘရယ် ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံ ဖြစ်နေပါပြီ။

ဓာတ်ပုံ မူပိုင် Wiki
Image caption တရုတ်ဖြူ ခေါင်းဆောင် ချန်ကေရှိတ်