မြောက်ကိုရီးယားနဲ့ ကုလဆွေးနွေးနေ

  • 10 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ ဖက်မန်နဲ့ မြောက်ကိုးရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong-ho တို့ တွေ့ဆုံစဉ်

စစ်မက်ဖြစ်ပွားနိုင်တဲ့ နည်းလမ်းတွေကို ရှောင်ရှားပြီး မြောက်ကိုရီးယားနဲ့ ဆက်ဆံဖို့ လမ်းကြောင်းသစ်တွေ ရှာဖို့ အရေးပေါ် လိုအပ်နေတယ်လို့ မြောက်ကိုရီးယားနိုင်ငံကို လတ်တလော ရောက်ရှိခဲ့တဲ့ ကုလသမဂ္ဂရဲ့ ကိုယ်စားလှယ်က ပြောပါတယ်။

ကုလသမဂ္ဂ ကိုယ်စားလှယ် Jeffrey Feltman ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ဒီခရီးစဉ်ဟာ ၆ နှစ်တာ ကာလအတွင်း ကုလသမဂ္ဂ ထိပ်တန်း အရာရှိ တယောက်ရဲ့ ပထမဆုံးအကြိမ် မြောက်ကိုရီးယား ခရီးစဉ်ဖြစ်လာပါတယ်။

မြောက်ကိုရီးယား ကလည်း ကုလသမဂ္ဂနဲ့ ပုံမှန်ဆက်သွယ်မှုတွေ ပြုလုပ်ဖို့ သဘောတူခဲ့တယ် လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အပတ်အတွင်းက မြောက်ကိုရီးယားက မစ်ဆိုင်းဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်ခဲ့ပြီး တင်းမာမှုတွေက မြင့်တက်လာနေတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်

အမေရိကတိုက် အထိရောက်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်ကို နည်းပညာ အဆင့်မြင့်တင်ထားနိုင်ခဲ့ပြီလို့ မြောက်ကိုရီးယားက ပြောထားတာပါ။

ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ခဲ့ပြီး ဒုံးကျည်ပစ်ခတ်မှုတွေနဲ့ နျုကလီးယား စမ်းသပ်မှုတွေက ပိတ်ဆို့ အရေးယူမှုတွေကို အာခံတာလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂအနေနဲ့ မြောက်ကိုရီးယားနိုင်ငံမှာ စားနပ်ရိက္ခာ အကူအညီပေးရေး အစီအစဉ်တွေ ၊ စိုက်ပျိုးရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ အကူအညီပေးမှုတွေကို ဆက်လုပ်နေခဲ့ပေမယ့် ထိပ်တန်း အရာရှိတွေ ကတော့ ၂၀၁၁ ခုနစ်က စလို့ မြောက်ကိုးရီးယားကို သွားရောက်ခြင်း မရှိတော့ဘဲ အခု ၂ဝ၁၇ ခုနစ်မှာမှ ပြန်လည် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ နိုင်ငံရေးဆိုင်ရာ အရာရှိ Mr Feltman ဟာ မြောက်ကိုရီးယား ထိပ်သီးအရာရှိတွေနဲ့ တွေ့ခွင့် ရခဲ့ပြီး အခုလက်ရှိအချိန်ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် တင်းမာမှု အမြင့်ဆုံး အခြေအနေဆိုတာ မြောက်ကိုရီးယားဘက်က သဘောတူ လက်ခံတယ် လို့ ပြောကြောင်းလည်း သူက ပြောပါတယ်။

တွက်ချက်မှု လွဲမှားတဲ့ ကြိုတင်ပြင်ဆင်မှုက အရေးပေါ် မလိုအပ်ပဲ ပဋိပက္ခနဲ့ တင်းမာမှုတွေ လျှော့ချနိုင်မယ့် လမ်းကြောင်းရှာဖို့ကသာ အရေးပေါ် လိုအပ်တဲ့ အရာဖြစ်တယ်လို့ မစ္စတာ ဖက်မန်းက ပြောပါတယ်။