နျုလက်နက်ကြောင့် ကမ္ဘာပျက်ဖို့ အင်မတန် နီးစပ်

  • 10 ဒီဇင်ဘာ 2017
Image caption နိုဘယ် ငြိမ်းချမ်းရေးဆု ပေးပွဲ

အနုမြူ လက်နက်ဒဏ်ကြောင့် ကမ္ဘာကြီး ပျက်သုဉ်း သွားဖို့ ဆိုတာ အုံကြွ ပေါက်ကွဲ ထွက်လာမယ့် အခိုက်အတံ့ ကာလငယ်လေး တစ်ခုစာပဲ လိုတော့တယ် ဆိုပြီး နိုင်ငံတကာ အနုမြူ နျူကလီးယား လက်နက် ဖျက်သိမ်းရေးအတွက် ဆော်ဩနေတဲ့ ICAN အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဘီယားထရစ် ဖင်းက ပြောပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဒီဇင်ဘာ ၁ဝရက် တနင်္ဂနွေ နေ့တုန်းက ကျင်းပခဲ့တဲ့ နိုဘယ် ငြိမ်းချမ်းရေးဆု ပေးပွဲ အခမ်းအနားမှာ အခုနှစ် ၂ဝ၁၇ အတွက် ဆုရရှိခဲ့တဲ့ ICAN အဖွဲ့ ကိုယ်စား ဆုလက်ခံ ရယူရင်းမှာပဲ မစ္စဖင်းက အဲဒီလို ပြောသွားခဲ့တာပါ။

မထိန်းနိုင် မချုပ်နိုင် ပေါက်ကွဲ ထွက်လာမယ့် အခိုက်အတန့် ဆိုတာ အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ဖြစ်ပေါ် နေတဲ့ တင်းမာမှုနဲ့ အပြန်အလှန် ပုတ်ခတ် ပြောဆိုနေ ခဲ့ကြတာကို မစ္စဖင်းက ရည်ညွှန်း ခဲ့တာ ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ် ပစ်လွှတ်ပြန်

ကိုယ့်ကိုယ် ထိတော့မလား ဆိုပြီး ကြောက်လန့်တကြား ဖြစ်သွားတဲ့ အခါမျိုးမှာ ဖြစ်ဖြစ်၊ ကိုယ့် အတ္တမာနကို ထိခိုက်လာတဲ့ အခါမျိုးမှာ ဖြစ်ဖြစ် ကမ္ဘာ့ မြို့ရွာတွေ အားလုံး ပျက်စီးသွားတဲ့ အဖြစ်ထိ ရောက်သွားနိုင်တယ် ဆိုပြီး နျူကလီးယား လက်နက်ရဲ့ ကမ္ဘာဖျက်စွမ်းအားကို မစ္စဖင်းက မီးမောင်းထိုး ပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် နျူကလီးယား လက်နက်တွေကိုပဲ ဆုံးခန်းတိုင်စေမလား၊ လူသားမျိုးနွယ်ပဲ ဆုံးခန်းတိုင်ရမလား ရွေးကြဖို့ပဲ ဆိုပြီး မစ္စဖင်းက အော်စလိုမြို့ ဆုပေးပွဲမှာ အတော်လေး စိတ်လှုပ်ရှားဖွယ် လေးလေးနက်နက် ပြောဆို သွားပါတယ်။

Image caption အပြန်အလှန် ပုဂ္ဂိုလ်ရေး တိုက်ခိုက်

အမေရိကန်သမ္မတ ထရမ့်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ အပြန်အလှန် ပုဂ္ဂိုလ်ရေး တိုက်ခိုက် ပြောဆိုတဲ့ အထိ ကိုရီးယားကျွန်းဆွယ် အရေး တင်းမာမှုဟာ အခုလပိုင်းတွေ အတွင်း အထွဋ်အထိပ်ကို ရောက်ရှိ လာနေပါတယ်။

နျူကလီးယား လက်နက်တွေ အသုံးပြုတဲ့ စစ်ပွဲ ပေါ်ပေါက် လာဖို့ဆိုတာ အခု အချိန်မှာ စစ်အေးခေတ်ထက် ပိုပြီး အလားအလာ ရှိနေတယ်လို့ ICAN အဖွဲ့ရဲ့ စိုးရိမ်မှုကို မစ္စဖင်းက ထုတ်ဖော် ပြောဆိုရင်းမှာပဲ ကမ္ဘာကြီးပေါ် နျူလက်နက်တွေ လုံးဝ ဖျက်သိမ်းဖို့ ဆော်ဩ သွားခဲ့ပါတယ်။

ဘီယားထရစ် ဖင်း ဦးစီးဦးဆောင် လုပ်နေတဲ့ ICAN အဖွဲ့ ဟာ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ NGO အဖွဲ့တွေ ရာနဲ့ချီပြီး စုပေါင်း ထားတာဖြစ်ပါတယ်။

Image caption အသက် ၈၅ နှစ် အရွယ် ဆက်ဆုကို သာလို

ဟီရိုရှီမားမြို့ အနုမြုဗုံး အကြဲခံခဲ့ရတဲ့ ဖြစ်ရပ်မှာ အပျက်အစီးပုံတွေအောက် အသက်မသေပဲ ကျန်ရစ်ခဲ့သူ အခု အသက် ၈၅ နှစ် အရွယ် ဆက်ဆုကို သာလိုလည်း အဲဒီ အော်စလိုမြို့ ဆုပေးပွဲ အခမ်းအနားမှာ ရှိနေခဲ့ပြီး အဲဒီ အမျိုးသမီးကြီးဟာ ICAN အဖွဲ့ဝင် အဖြစ် နျူလက်နက် ဖျက်သိမ်းရေး လှုံဆော် ပေးနေသူ ဖြစ်ပါတယ်။

မစ္စ သာလိုရဲ့ စွမ်းဆောင်မှုတွေ အပေါ် နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဘဲရ်ရစ် ရေးစ် အင်ဒါဆင်က ဒီ အခမ်းအနားမှာ ဂုဏ်ပြု ချီးကျုး ပြောဆို ခဲ့ပါတယ်။

နျူကလီးယား လက်နက် ပိတ်ပင်ရေး နိုင်ငံတကာ သဘောတူမှုကို ကုလသမဂ္ဂမှာ အခုနှစ်ထဲမှာ လက်မှတ် ရေးထိုး နိုင်ခဲ့တာဟာ ဂျနီဗာမြို့ အခြေစိုက် ICAN အဖွဲ့ရဲ့ ဆော်ဩမှုတွေကြောင့် လမ်းစပွင့် လာတာ ဖြစ်တဲ့ အတွက် ICAN အဖွဲ့ကို အခုနှစ် အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆု ပေးအပ် ခဲ့တာပါ။

ဒါပေမယ့်လည်း ဒီစာချုပ်ကို နျူကလီးယား လက်နက် ပိုင်ဆိုင်နှင့်ပြီး အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ အစ္စရေး၊ အိန္ဒိယ၊ ပါကစ္စတန် နဲ့ မြောက်ကိုရီးယား တို့ကတော့ လက်မှတ် မထိုးပဲ သပိတ်မှောက် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ