ကုလသမဂ္ဂက မြောက်ကိုရီးယားကို ပြင်းထန်တဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေ ချမှတ်

  • 23 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption မြောက်ကိုရီးယား ကို တင်သွင်းနေတဲ့ လောင်စာဆီ ၉၀ ရာခိုင်နှုန်းနီးပါး ကို ပိတ်ပင်တော့မည်

ကုလသမဂ္ဂ ကမြောက်ကိုရီးယားအပေါ် ပြင်းထန်တဲ့ အရေးယူ ဒဏ်ခတ် ပိတ်ဆို့မှု အသစ်တွေကို ချမှတ်လိုက်ပါတယ်။

တိုက်ချင်းပစ် ပဲ့ထိန်း မစ်ဇိုင်းဒုံးကျည်တွေပစ် ပြနေတဲ့ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မယ့် ဆုံးဖြတ်ချက် ကို ဗီတို ကိုင်နိုင်တဲ့ လုံခြုံရေး အဖွဲ့ဝင် နိုင်ငံ တွေလည်းဖြစ်၊မြောက်ကိုရီးယား အတွက် အဓိက ကုန်သွယ်ဖက် နိုင်ငံတွေလည်းဖြစ်တဲ့ တရုတ်နဲ့ ရုရှား တို့ကပါ ထောက်ခံပြီးတော့ အဖွဲ့ဝင် အားလုံး ကတညီတညွတ်တည်း ချမှတ်ခဲ့ကြတာပါ။

အခု အရေးယူမှုတွေ ထဲမှာ ပါတဲ့အကြောင်းအရာ တွေကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် နစ်ကီ ဟေလီ က ပြောရာမှာတော့ မြောက်ကိုရီးယား နိုင်ငံတွင်း ကို သွင်းနေတဲ့ လောင်စာဆီတွေကို ၈၉ ရာခိုင်နှုန်းအထိ လျော့ချ ဖြတ်တောက် လိုက်တာတွေ ပါဝင်တယ် လို့ ဆိုပါတယ်။

ဒါကြောင့်မို့ မြောက်ကိုရီးယားဟာ တနှစ်ကို ဓာတ်ဆီ ပီပါ ၅ သိန်းနဲ့ ရေနံစိမ်း စည် ၄ သန်း ပဲ သွင်းခွင့်ရတော့မှာပါ။

ဒီလောင်စာဆီတွေဟာ လက်နက်ထုတ်လုပ်မှုတွေအတွက် အားပေးနေတယ်လို့ နိုင်ငံတကာ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ပြည်ပမှာ အလုပ်ထွက်လုပ်နေတဲ့မြောက်ကိုရီးယားတွေ ကို ၂ နှစ်အတွင်း သူ့နိုင်ငံ ကို ပြန်ပို့ဖို့လည်း ဆုံးဖြတ်ထားပါတယ်၊ သူတို့ဆီက ဝင်ငွေတွေက မြောက်ကိုရီးယား ကို နိုင်ငံခြားငွေတွေ ရရှိစေတဲ့ အတွက်ကြောင့် လို့ ဆိုပါတယ်။

မြောက်ကိုရီးယား က ထုတ်တဲ့ စက်ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ ကို လည်း မဝယ်ယူဖို့ ပိတ်ဆို့ပါလိမ့်မယ်။

အရင်တုန်း ကလည်း မြောက်ကိုးရီးယား အပေါ် အမေရိကန်၊ ဥရောပသမဂ္ဂ သာမက ကုလသမဂ္ဂ လည်း အရေးယူပိတ်ဆို့တာ တွေ လုပ်ခဲ့တာပါ။

လုပ်ခဲ့သမျှတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်း ကို မစ်ဇိုင်းတွေ စမ်းသတ် ပစ်ခတ် ပြနေတာကို ရပ်ဆိုင်း သွားအောင်မစွမ်းဆောင်နိုင်ခဲ့ပါဘူး

အခုလည်း သူတို့ကို အရေးယူ ပိတ်ဆို့တာတွေ ထပ်လုပ်ရင် သူတို့ရဲ့နျူကလီယား အစီအစဉ်တွေ ကို အရှိန်မြင့် ဆောင်ရွက်သွားမှာ လို့ မြောက်ကိုရီးယား က ပြန် တုန့်ပြန်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ