ဘောင်မဝင်ပေမယ့် နာဗာ့နီက ရုရှားသမ္မတအဖြစ် အရွေးခံမယ်

  • 24 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံပိုင် သစ်ကုမ္ပဏီတခုကို အလွဲသုံးစားလုပ်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ်ထိထားတဲ့ မစ္စတာ နာဗာ့နီ အရွေးခံလို့မရ

ရုရှားအတိုက်အခံ နိုင်ငံရေးသမား အလက်ဆီ နာဗာ့နီက သူ နိုင်ငံတလွှားမှာ ထောက်ခံမှုရနေတာဟာ လက်ရှိသမ္မတ ပူတင်နေရာမှာ အောင်အောင်မြင်မြင် နေရာယူနိုင်မယ့်လူ ဖြစ်တယ်ဆိုတာ ပြနေပြီး လုံလောက်တဲ့ ထောက်ခံမှု ရပြီလို့ မော်စကိုမြို့က စုဝေးပွဲ အပြီးမှာ ပြောကြားခဲ့ပါတယ်။

အခုလို သမ္မတအဖြစ် အရွေးခံနိုင်ဖို့အတွက် မြို့ကြီး ၂၀ က လူပေါင်း ၅၀ဝ ရဲ့ လက်မှတ်တွေ လိုအပ်မှာ ဖြစ်ပြီး ဒါကို ရပြီလို့ မစ္စတာ နာဗာနီက ပြောပေမယ့် ရွေးကောက်ပွဲ ကော်မရှင်ကတော့ သူ အရွေးခံခွင့်မရှိဘူးလို့ ပြောဆိုထားတာဖြစ်ပါတယ်။

နိုင်ငံပိုင် သစ်ကုမ္ပဏီတခုကို အလွဲသုံးစားလုပ်မှုနဲ့ ဆိုင်းငံ့ထောင်ဒဏ်ထိထားတဲ့ မစ္စတာ နာဗာ့နီ အရွေးခံလို့မရဘူးလို့ဆိုပြီး ရွေးကောက်ပွဲ ကော်မရှင်က ပြောဆိုထားတာပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption မစ္စတာ အလက်ဆီ နာဗာ့နီဟာ ဒီနှစ်ထဲမှာပဲ ခွင့်ပြုချက် မယူပဲ ဆန္ဒပြမှုနဲ့ ထောင် သုံးကြိမ် ကျထားသူဖြစ်

မစ္စတာ နာဗာ့ညီကတော့ ဒီစွပ်စွဲမှုတွေကို ငြင်းဆိုထားပြီး ဒါဟာ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်တာလို့ တုန့်ပြန်ထားပါတယ်။

သူ့ကို ရွေးကောက်ပွဲ ဝင်ခွင့် မပေးရင် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ ဆော်သြမယ်ဆိုပြီးတော့လည်း မစ္စတာ နာဗာ့နီက ခြိမ်းခြောက်ခဲ့ပါတယ်။

သူ့ရဲ့ လူထုနဲ့ တွေ့ဆုံပွဲတွေမှာ လက်ရှိ သမ္မတ ပူတင်နဲ့ ပတ်သက်ပြီး

'မစ္စတာ ပူတင်က ရုရှားမှာ ဆင်းရဲ မွဲတေမှုတွေ ရှက်စရာကောင်းအောင် များနေတယ်လို့ ပြောတော့ ဘယ်သူ့ကိုများ ရည်ရွယ်ပြီး ပြောတာလဲလို့ မေးချင်ပါတယ်။ ပူတင် အုပ်ချုပ်လာတဲ့ ၁၈ နှစ် အတွင်းမှာ ဆင်းရဲသားတွေကိုတော့ အိမ်ခြေရာဖြစ်အောင် အပိုဆောင်း ချီးမြှောက်မှုတွေ လုပ်ပြီး ဓါတ်ငွေ့၊ ရေနံနဲ့ သတ္ထု ရောင်းရငွေ ဒေါ်လာ ကုဋေ တသိန်းလောက်ကိုတော့ သူပဲ နိုင်ငံခြားကို ရောင်းခဲ့တာ'

လို့ ဝေဖန် ပြောကြားခဲ့ပါတယ်။

သမ္မတပူတင်ဟာ ရုရှားကို ကိုယ်ကျိုးစီးပွား စုဆောင်းဖို့အတွက် အသုံးပြုခဲ့ပြီး ရာထူးမှာ မရှိသင့်တော့တဲ့ သမ္မတဆိုးတယောက် ဖြစ်တယ်လို့လည်း မစ္စတာ နာဗာ့နီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption လာမယ့် ၂၀၁၈ မတ်လမှာ ကျင်းပမယ့် ရုရှားသမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဗလာဒီမီယာ ပူတင်က လူကြိုက်အများဆုံး သဘောထားကောက်ခံမှုတွေ ရရှိထား

ဒါပေမယ့် လာမယ့် ၂၀၁၈ မတ်လမှာ ကျင်းပမယ့် ရုရှားသမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဗလာဒီမီယာ ပူတင်က လူကြိုက်အများဆုံး အဖြစ် သဘောထားကောက်ခံမှုတွေ ရရှိထားပြီး ရွေးကောက်ပွဲကို လွယ်လွယ်ကူကူ နိုင်လိမ့်မယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အခုလို အခြေအနေမှာ မစ္စတာ နာဗာ့နီ တယောက်ကပဲ မစ္စတာ ပူတင်ကို ယှဉ်နိုင်တဲ့သူအဖြစ် အများက ယူဆမှုတွေ ရှိနေပြီး ပူတင်သာ နောက်ထပ် လေးကြိမ်မြောက် အရွေးခံခဲ့ရရင် ဒုတိယကမ္ဘာ့စစ်အပြီး ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက် စတာလင် နောက်ပိုင်းမှာ သက်တမ်း အရှည်ဆုံး တာဝန်ထမ်းဆောင်တဲ့ ခေါင်းဆောင် ဖြစ်လာနိုင်ပါတယ်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကိစ္စတွေကို အင်တာနက်မှာ ရေးသားသူ ဘလော့ဂါ တယောက် ဘဝကလာတဲ့ မစ္စတာ အလက်ဆီ နာဗာ့နီဟာ ၂၀၁၁ ကစပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို စတင်ဦးဆောင်ခဲ့ပြီး ဒီနှစ်ထဲမှာပဲ ခွင့်ပြုချက် မယူပဲ ဆန္ဒပြမှုနဲ့ ထောင် သုံးကြိမ် ကျထားသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် သူရဲ့ ရုရှားအမျိုးသားရေး အစွန်းရောက်ဝါဒီတွေနဲ့ ဆက်စပ်မှုကို ပြည်တွင်း ပြည်ပမှာ ဝေဖန်မှုတွေရှိခဲ့ပြီး သူ့ရဲ့ အမေရိကန်နဲ့ ဆက်စပ်မှုကိုလည်း ပြည်တွင်း အမျိုးသားရေးသမားတွေကပါ သင်္ကာမကင်း ဖြစ်တာတွေ ရှိနေပါတယ်။

ဆက်စပ် အကြောင်းအရာများ