IS အောက်က လွတ်ပြီး ပထမဆုံး ခရစ္စမတ်စ်ပွဲ

  • 24 ဒီဇင်ဘာ 2017
Image caption ကမ္ဘာမြေ တခွင်လုံး အေးငြိမ်း သာယာမှု ရှိစေကြောင်း ဆုတောင်းကြ

အီရတ်နိုင်ငံ မိုဆိုးလ်မြို့မှာ၊ အစ္စလာမ်မစ် နိုင်ငံအဖွဲ့ IS လက်နက်ကိုင်တွေကို တိုက်ထုတ်နိုင်ခဲ့ အပြီး၊ ပထမဆုံး အကြိမ် အနေနဲ့ ခရစ္စမတ်စ် ပွဲတော် ပြန်လည် ကျင်းပ နိုင်ခဲ့ကြပါတယ်။

မိုးဆိုးလ်မြို့က စိန့်ပေါလ် ကက်သီဒရယ် ဘုရားကျောင်းကြီးထဲ ခရစ္စမတ်စ် အကြိုည ဝတ်ပြု ဆုတောင်းပွဲကို အစဉ်အလာအတိုင်း ကျင်းပခဲ့ကြတာပါ။

ကာလ်ဒီယန် Chaldean ကက်သလစ် အသိုင်းအဝိုင်းရဲ့ ဦးစီးဦးဆောင် ဖြစ်တဲ့ လူဝီ ဆာကိုက စုဝေး ရောက်ရှိနေကြတဲ့ ခရစ်ယာန် ဘာသာဝင်တွေကို မိုဆိုးလ် အပါအဝင် ကမ္ဘာမြေ တခွင်လုံး အေးငြိမ်း သာယာမှု ရှိစေကြောင်း ဆုတောင်းကြပါ ဆိုပြီး တိုက်တွန်း ခဲ့ပါတယ်။

"ဘုရားသခင်ရဲ့ တန်ခိုးတော်လို့ ဆိုရမှာပါပဲ။ ခရစ္စမတ်စ်ပွဲတော် ဆင်နွှဲနိုင်ဖို့ ချာ့ချ် ဘုရားကျောင်းကြီးမှာ လိုအပ်တာတွေ ပြင်ဆင်ပေးကြသူတွေထဲ မွတ်ဆလင်မ် တွေလည်း ခရစ်ယာန်တွေနဲ့ အတူ ညီတူညီညာ ဝိုင်းဝန်း ကူညီ ပေးခဲ့ကြပါတယ်။ ဝတ်ပြု ဆုတောင်းပွဲမှာ အီရတ် စစ်တပ်က ဗိုလ်ချုပ်၊ ရဲတပ်ဖွဲ့ အကြီးအကဲနဲ့ မိုဆိုးလ် အခြေစိုက် တက္ကသိုလ် နှစ်ခု စလုံးက ပါမောက္ခချုပ်တွေ ရှိနေခဲ့ကြတယ်" လို့ ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းမှာလည်း လူဝီ ဆာက ပြောခဲ့ပါတယ်။

Image caption ဘုရားကျောင်း အပြင်ဘက် လုံခြုံရေး ယူပေးထား

IS တွေရဲ့ ထိန်းချုပ်မှုအောက် နေခဲ့ရစဉ်တုန်းကတော့ ခရစ်ယာန် ဘာသာရေး ပွဲလမ်းတွေကို အခုလို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ဖို့ ဆိုတာ အင်မတန် ခက်လှပြီး၊ အန္တရာယ်လည်း များလွန်းပါတယ်။

အစ္စလာမ်ဘာသာထဲ အတင်းအကြပ် သွပ်သွင်းတာမျိုး၊ အထူး အခွန်အတုပ်တွေ စည်းကြပ် တာမျိုး တွေကို ခရစ်ယာန်တွေ အပေါ် ပစ်မှတ်ထားလို့ IS တွေ ပြုမူ ခဲ့ပြီး၊ မနာခံရင် အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်ခဲ့ရတာကြောင့် မိုဆိုးလ်ကနေ ခရစ်ယာန် အများအပြား ထွက်ပြေး ခဲ့ကြရပါတယ်။

အခုတော့ မိုဆိုးလ်ကို မြို့ခံ ခရစ်ယာန် တချို့ ပြန်လာ နေကြပါပြီ။

အခုလို ခရစ္စမတ်စ်ပွဲတော် ဆင်နွှဲနိုင်တာဟာ မိုဆိုးလ်မှာ ခရစ်ယာန်တို့ရဲ့ ဘဝ ပြန်လည် ပျိုးထောင်နိုင်ဖို့ အတွက် အရေးကြီးတဲ့ ခြေလှမ်းပဲလို့ မွေးရပ်ကို ပြန်လာခဲ့သူ Farqad Malko က ဘီဘီစီကို ပြောပါတယ်။

စိန့်ပေါလ် ချာ့ချ်ကြီးထဲ ဝတ်ပြုဆုတောင်းပွဲ ကျင်းပ နေကြစဉ်၊ အပြင်မှာ သံချပ်ကာ ကားတွေ ချထားပြီး လုံခြုံရေး ယူပေးထားတာ တွေ့ရပါတယ်။

၂ဝ၁၄၊ မိုဆိုးလ်ကို IS တွေ မသိမ်းပိုက်ခင်တုန်းက အဲဒီမှာ ခရစ်ယာန် ၃ သောင်းခွဲ ဝန်းကျင် ရှိခဲ့တယ်လို့ ခန့်မှန်းရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
မိုဆူးလ် အရှေ့ပိုင်းမှာ အီရတ် တပ်တွေ နယ်မြေ ရှင်းလင်း

ဆက်စပ် အကြောင်းအရာများ