မန်ချက်စတာနဲ့ လန်ဒန်မြို့တို့ကို ဘုရင်မကြီး ချီးကျုးပြောဆို

  • 25 ဒီဇင်ဘာ 2017
Image caption မိသားစု ဓာတ်ပုံတွေရဲ့ ဘေးမှာ တွေ့မြင်ရတဲ့ ဘုရင်မကြီး

အကြမ်းဖက် တိုက်ခိုက်မှုတွေ ကြုံတွေ့ခဲ့ရပေမယ့် မယိမ်းမယိုင် ကြံ့ကြံ့ခိုင်ခဲ့တဲ့ လန်ဒန်နဲ့ မန်ချက်စတာမြို့တွေကို ခရစ္စမတ်စ်နေ့မှာ ဗြိတိန် ဘုရင်မကြီး အယ်လိဇဘက် အစဉ်အလာမပျက် တိုင်းပြည်ကို ပေးခဲ့တဲ့ မိန့်ခွန်းထဲ အင်မတန် ချီးကျုး ဂုဏ်ပြု ပြောဆို သွားခဲ့ပါတယ်။

ထိတ်လန့်စဖွယ် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် စွမ်းအားအပြည့်နဲ့ ကိုယ့်ရဲ့ သွင်ပြင် စရိုက်လက္ခဏာတို့ကို တစ်နှစ်တာပတ်လုံး ပြသခဲ့တဲ့ လန်ဒန်နဲ့ မန်ချက်စတာ မြို့တွေအကြောင်း အခုနှစ် ခရစ္စမတ်စ်မှာ မှတ်မှတ်ထင်ထင် ရှိနေမိတယ်လို့ ဘုရင်မကြီး အယ်လိဇဘက်က ဆိုပါတယ်။

မန်ချက်စတာမြို့ ဂီတပွဲ အတိုက်အခိုက် ခံခဲ့ရမှုမှာ ထိခိုက် ဒဏ်ရာရခဲ့တဲ့ ကလေးငယ်တွေ တက်ရောက်နေတဲ့ ဆေးရုံကို သူ လူနာမေး သွားခဲ့တဲ့ အကြောင်းကိုလည်း ဘုရင်မကြီးက အမှတ်တရ ပြန်ပြောင်း ပြောပါတယ်။

Image caption ရဲဝံ့ပြီး စိတ်အင်အား ခိုင်မာသူတွေနဲ့ တွေ့ခဲ့ရတယ်

ဆေးရုံကို လူမမာမေး သွားခဲ့ရလို့ ဂုဏ်ယူမိတယ်၊ အင်မတန် ရဲဝံ့ပြီး စိတ်အင်အား ခိုင်မာသူတွေနဲ့ တွေ့ခဲ့ရတယ်လို့ ဘုရင်မကြီးက ဆိုပါတယ်။

လန်ဒန်မြို့ ဂရင်းဖဲလ်တာဝါ အထပ်မြင့် အဆောက်အဦ မီးလောင်မှုမှာ သေဆုံးခဲ့ရသူတွေ အတွက် ဝမ်းနည်းကြောင်းလည်း ဘုရင်မကြီးက ထည့်သွင်း ပြောခဲ့ပါတယ်။

အခုနှစ် ၂ဝ၁၇ ဟာ အက်ဒင်ဘရာ မြို့စားကြီး ဖိလစ်နဲ့ မင်္ဂလာသက်တမ်း အနှစ် ၇ဝ ပြည့် ဖြစ်တာနဲ့ အညီ သူ့အပေါ် မင်းသားကြီး ဖိလစ်ရဲ့ အစဉ်အဆက် အားပေးကူညီမှုတွေ အတွက် ကျေးဇူးတင်တယ်လို့လည်း ကွင်းအယ်လိဇဘက်သ်က ဆိုပါတယ်။

Image caption မင်္ဂလာသက်တမ်း အနှစ် ၇ဝ ပြည့်ပြီ

ဘုရင်မကြီးက သူ့ရဲ့ ခရစ္စမတ်စ် သတင်းစကားထဲ အိမ် ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း အထူး အလေးပေး ဖွင့်ဆိုခဲ့တာမှာ နွေးထွေးတဲ့၊ မိသားစုဝန်းရံပြီး ချစ်ခြင်း မေတ္တာတို့နဲ့ ထုံမွှန်းနေတဲ့ နေရာလို့ ပြောပါတယ်။

လတ်တလော စေ့စပ် ကြောင်းလမ်းလိုက်တဲ့ မြေးတော် ဟယ်ရီ မင်းသားနဲ့ မဂ္ဂန်မာကဲလ် တို့ရဲ့ ဓာတ်ပုံ အပါအဝင်၊ မိသားစု ဓာတ်ပုံတွေရဲ့ ဘေးမှာ တွေ့မြင် ရတဲ့ ဘုရင်မကြီးဟာ လာမယ့်နှစ် မိသားစုဝင် အသစ်တစ်ယောက် တိုးလာမှာကို မျှော်လင့် ကြိုဆို နေတယ်လို့ ဆိုပါတယ်။

၂ဝ၁၂ တုန်းက နန်းသက် ၆ဝ ပြည့် ၊ သိမ်းမြစ်ထဲ လှေသင်္ဘောတွေ စီတန်းပြီး ဂုဏ်ပြုကြတဲ့ ပွဲတုန်းက ဝတ်ဆင်ခဲ့တဲ့ ဒီဇိုင်နာ အိန်ဂျလာ ကယ်လီရဲ့ လက်ရာ ဆင်ဆွယ်ရောင် ဝတ်စုံကို ဆင်မြန်းရင်း အခု ခရစ္စမတ်စ် သတင်းစကားကို ဘုရင်မကြီးက ပြောသွားတာ ဖြစ်ပါတယ်။

Image caption ကယ်ဆယ်ရေး လုပ်သားတွေကိုလည်း ချီးကျူးဂုဏ်ပြု

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ