မြောက်ကိုရီးယား ခေါင်းဆောင် နှစ်ယောက် ပိတ်ဆို့ခံရ

  • 26 ဒီဇင်ဘာ 2017
ဓာတ်ပုံ မူပိုင် Reuters
Image caption ကင်ဂျုံဆစ် နဲ့ ရီပြုံချို တို့ နှစ်ဦး ကန်ရဲ့ ပိတ်ဆို့မှုတွေ ခံရ

မြောက်ကိုရီးယား နိုင်ငံက ထိပ်တန်း အရာရှိ နှစ်ဦးကို အမေရိကန် က ပိတ်ဆို့ အရေးယူမှု တွေချမှတ်လိုက်ပါတယ်။

အဲဒီ ထိပ်တန်း အရာရှိတွေကတော့ ကင်ဂျုံဆစ် နဲ့ ရီပြုံချို တို့ နှစ်ဦးပဲ ဖြစ် ပါတယ်။

အမေရိကန် နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဌာန က ထုတ်ပြန်တဲ့ ကြေငြာချက် ထဲမှာတော့ သူတို့ နှစ်ယောက်ကို ပိတ်ဆို့ အရေးယူမှု လုပ်ရတာ က ကိုရီးယား ကျွန်းဆွယ် က နျူးကလီးယား တင်းမာမှုတွေ ကို လျော့ချဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို မြောက်ကိုရီးယား ထိပ်တန်း ခေါင်းဆောင် နှစ်ယောက်ကို ပိတ်ဆို့မှု တွေ ချမှတ် ခဲ့ရတာ က မြောက်ကိုရီးယား ကို တစ်နိုင်ငံထဲ အထီးကျန် ဖြစ်စေ မယ့် အမြင့်ဆုံး အရေးယူမှု ရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာ ရေး ဝန်ကြီး စတိ မနူရှင် က ပြောကြားခဲ့ပါတယ်။

အမေရိကန် ရဲ့ ပိတ်ဆို့မှုတွေ ချမှတ် ခံရတဲ့ ကင်ဂျုံဆစ် ကတော့ ဒုံးကျည် လက်နက် ပညာရှင် ဖြစ်ပြီး၊ ရီပြုံချို ကတော့ မြောက်ကိုရီးယား လေတပ် ဦးစီးချုပ် ဟောင်း ပါ။

သူတို့ နှစ်ယောက် ဟာ မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက် စီမံ ကိန်း ကို ဦးဆောင် နေကြသူတွေလည်း ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်ရဲ့ ငွေကြေး လည်ပတ်မှုတွေ၊ အထူး သဖြင့် သူတို့ နှစ်ယောက်ရဲ့ အမေရိကန် ထဲက ပိုင်ဆိုင်မှုတွေ ကို ထိန်းချုပ် သွားမှာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန က ပြောကြားပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့တုန်း ကလည်း ကုလသမဂ္ဂ အထွေထွေ ညီလာ ခံ ကနေပြီး မြောက်ကိုရီးယား နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု အသစ်တွေ ချမှတ် ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ ပိတ်ဆို့မှုစာရင်းထဲမှာ အခု အမေရိကန် က ပိတ်ဆို့ခဲ့တဲ့ သူ နှစ်ဉီးရဲ့ နာမည်တွေလည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂ က ချမှတ် ခဲ့တဲ့ ပိတ်ဆို့မှုတွေ ထဲမှာ လောင်စာဆီ တင်ပို့နေမှု တွေကို ကန့်သတ်ဖို့ နဲ့ ရေနံစိမ်း တင်ပို့ ရောင်းချမှုတွေကို ကန့်သတ်ဖို့ ဆိုပြီး ပါဝင်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား နိုင်ငံခြား ဝင်ငွေ ရရှိမှု ကို ထိန်းချုပ်ဖို့ လာမယ့် နှစ်ဆယ့်လေးလ တာ ကာလ အတွင်း နိုင်ငံရပ်ခြား မှာ အလုပ်လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယား နိုင်ငံသားတွေကို အိမ်ပြန်ပို့ဖို့ ဆိုတာ လည်း ပါဝင်ပါတယ်။

ပြီးတော့ မြောက်ကိုရီးယား ရဲ့ လျှပ်စစ်ကုန်ထုတ် ပစ္စည်း တွေနဲ့ အထည်အလိပ်တွေကို လည်း မဝယ်ယူဖို့ ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ကုလသမဂ္ဂ ရဲ့ ပိတ်ဆို့မှုတွေကို မြောက်ကိုရီးယား က စိတ်ဆိုးမာန်ဆိုး နဲ့ တုန့်ပြန် ခဲ့ပြီး ဒါဟာ စစ်ကြေညာမှု ဖြစ်တယ်လို့ ဘီဘီစီရဲ့ အာရှ ရေးရာ သတင်းထောက် ကောလင်း မက်ကော်နယ် က ပြောပါတယ်။

မြောက်ကိုရီးယား ဘက်ကတော့ အမေရိကန် နဲ့ ကုလသမဂ္ဂ တို့ရဲ့ ပိတ်ဆို့ အရေးယူမှု တွေဟာ စစ်ပွဲကြီး တစ်ခု ဖြစ်လာဖို့ တွန်းပို့နေသလို ဖြစ်နေကြောင်း နိုင်ငံပိုင် သတင်းဌာန ကေစီအန်အေ မှာ ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ