ဂျပန် မိုချီ စားလို့ ၂ ဦး သေဆုံး

  • 2 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption သက် ၅၀အရွယ် လူတဦးနဲ့ အသက် ၈၀အရွယ် လူတဦး သေဆုံး

ဂျပန်နိုင်ငံမှာ နှစ်သစ်ကူး အထိမ်းအမှတ် ရိုးရာ မိုချီ ကောက်ညှင်းမုန့် စားအပြီး နင်ကုန်ကြတဲ့အတွက် လူနှစ်ဦး သေဆုံးခဲ့ရပါတယ်။

နှစ်သစ်ကူး အထိမ်းအမှတ် ရိုးရာ ကောက်ညှင်းမုန့် စားပြီး တဲ့ နောက် လူ အတော်များများလည်း စိုးရိမ်စရာ အခြေအနေ ရောက်ကုန်ကြပါတယ်။

လည်ချောင်းထဲ မုန့်နင်ပြီး တိုကျိုမြို့က အသက် ၅၀အရွယ် လူတဦးနဲ့ အသက် ၈၀အရွယ် လူတဦး သေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

နှစ်စဉ်လိုလို မိုချီမုန့်စားပြီး လူအတော်များများ အခုလို ဖြစ်လေ့ ရှိတဲ့အတွက် မိုချီမုန့် မနင်ပဲ စားနိုင်တဲ့ အကောင်းဆုံး လမ်းညွှန်ချက် တွေကို အာဏာပိုင်တွေက ထုတ်ပြန်ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

မိုချီမုန့် ဆိုတာ က ကောက်ညှင်းကို ပေါင်းပြီး တော့ ထုထောင်းကြိတ် ပြီးတော့မှ လုပ်ရတဲ့ ဂျပန် ရိုးရာ မုန့်ပါ။

ဓာတ်ပုံ မူပိုင် AFP
Image caption မိုချီမုန့် ဆိုတာ က ကောက်ညှင်းကို ပေါင်းပြီး တော့ ထုထောင်းကြိတ် ပြီးတော့မှ လုပ်ရတဲ့ ဂျပန် ရိုးရာ မုန့်

ခရစ်သက္ကရာဇ် ကို ကူးပြောင်းတဲ့ နှစ်သစ်ကူး ရက်မှာ အဲဒီ ဂျပန် ရိုးရာ မိုချီကို လူတွေက စားသုံးပြီး နှစ်သစ်ကူး ရက်ကို ဆင်နွှဲကြပါတယ်။

တခါတရံ မိုချီ မုန့်ကို စားရာမှာ သေသေချာချာ ဝါးမစားဘဲ မျိုချ မိရင် နင်ပြီး အသက်ရှု ကျပ်တဲ့ ဝေဒနာ တွေ ဖြစ်လေ့ ရှိပါတယ်။

ဒီမိုချီမုန်ု့ကို စားရင် အသေအချာ ဝါးစားဖို့ ဂျပန် ကျန်းမာရေး ဌာန က အကြံပေးထားပါတယ်။

ဝါးစားဖို့ အခက်အခဲ ရှိနိုင်တဲ့ ကလေးတွေ နဲ့ အသက်အရွယ် ကြီးရွယ်သူတွေ အတွက် အစိတ်အပိုင်းလေးတွေ ဖြတ်တောက်ပြီး စားကြဖို့ကိုလည်း ညွှန်ကြားထားပါတယ်။

ဆက်စပ် အကြောင်းအရာများ