ဆော်ဒီမှာ လောင်စာဆီဈေးမြှင့်လို့ ဖူလုံကြေးပေး

  • 6 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption ယီမင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေကိုလည်း အမေရိကန် ဒေါ်လာ တထောင်ကျော် ဖူလုံမှု ဆုကြေး တကြိမ် ရရှိမှာ ဖြစ်

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရောင်းခွန်သစ်တွေ သတ်မှတ်တာနဲ့ လောင်စာဆီ ဈေးနှုန်းတိုးမြှင့်တာတွေ လုပ်အပြီးမှာ အစိုးရဝန်ထမ်းတွေ လူမှုဖူလုံစရိတ် ရရှိတော့မှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ရောင်းချနေတဲ့ လောင်စာဆီဈေးကို အစိုးရက ၂ ဆ လောက်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပြီး အစားအသောက်နဲ့ ဝန်ဆောင်မှု အပိုင်း အများစုမှာ ငါး ရာခိုင်နှုန်း အခွန်ကောက်လိုက်တာ ဖြစ်ပါတယ်။

အခုလို လုပ်လိုက်အပြီးမှာ လာမယ့်နှစ်မှာ အစိုးရဝန်ထမ်းတွေကို တလ အမေရိကန်ဒေါ်လာ ၂၆၀ လူမှုဖူလုံကြေး ပေးဖို့ ဆော်ဒီဘုရင် ဆယ်လ်မန်က အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံသားတွေရဲ့ ပထမဆုံး ဝယ်တဲ့အိမ်အတွက် အခွန်ကိုလည်း အစိုးရက ပေးဆောင်မှာ ဖြစ်ပြီး ယီမင်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေကိုလည်း အမေရိကန် ဒေါ်လာ တထောင်ကျော် ဖူလုံမှု ဆုကြေး တကြိမ် ရရှိမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption အစားအသောက်နဲ့ ဝန်ဆောင်မှု အပိုင်း အများစုမှာ ငါး ရာခိုင်နှုန်း အခွန်ကောက်

ဒါပေမယ့် ပုဂ္ဂလိက ကျန်းမာရေးနဲ့ ပညာရေး ဝန်ဆောင်မှုတွေမှာ သုံးစွဲနိုင်သူတွေကတော့ ဒီ ခံစားခွင့်တွေ ရမှာ မဟုတ်ပါဘူး။

ဆော်ဒီလူဦးရေရဲ့ သုံးပုံ နှစ်ပုံဟာ အစိုးရဝန်ထမ်းတွေ ဖြစ်ကြပြီး ၂၀၁၅ ခုနှစ် အစိုးရ သုံးငွေမှာ ၄၅ ရာခိုင်နှုန်းဟာ ဝန်ထမ်းလခ ဖြစ်နေတဲ့အတွက် အစိုးရ လိုငွေပြမှုတွေ ဖြစ်စေခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆော်ဒီ အိမ်ရှေ့စံသစ် ပေါ်လာပြီ

ဆော်ဒီ အစိုးရ ဝင်ငွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ ရေနံလုပ်ငန်းက လာတာ ဖြစ်တဲ့အတွက် မတည်ငြိမ်တဲ့ ရေနံစိမ်းဈေးကွက် အပေါ်မှာ မှီခိုမှု လျှော့ချဖို့ အစိုးရက လိုလားနေတာ ဖြစ်ပြီး နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့လို နိုင်ငံတကာ အဖွဲ့တွေကလည်း ဝင်ငွေ အရင်းအမြစ်ကို ရေနံသိုက်တွေ ဆီကပဲ အားမကိုးဖို့ ဆော်ဒီလို ပင်လယ်ကွေ့နိုင်ငံတွေကို တိုက်တွန်းထားပါတယ်။

ဆက်စပ် အကြောင်းအရာများ