တရုတ်ကမ်းလွန်ပြင်မှာ ရေနံတင်သင်္ဘော မီးလောင် မျောပါနေ

  • 7 ဇန်နဝါရီ 2018
Image caption ဆန်ချီဟာ မီးလောင်လျက်သား မျောပါနေ

တရုတ်နိုင်ငံ အရှေ့ဘက် ကမ်းလွန်ပြင်မှာ ရေနံတင် သင်္ဘောနဲ့ ကုန်တင် သင်္ဘောတို့ တိုက်မိကြလို့ လူတွေ အများအပြား ပျောက်ဆုံး နေပါတယ်။

အီရန်နိုင်ငံက ထွက်တဲ့ ရေနံတွေ တန်ချိန်ပေါင်း တစ်သိန်း သုံးသောင်း ခြောက်ထောင် တင်ဆောင်လာတဲ့ ဆန်ချီလို့ နာမည်ပေးထားတဲ့ သင်္ဘောဟာ ကုန်တင်သင်္ဘော တစ်စင်းနဲ့ တိုက်မိပြီးတဲ့နောက် မီးလောင် ခဲ့ပါတယ်။

ဆန်ချီ ဟာ ပနားမား နိုင်ငံမှာ မှတ်ပုံတင်ထားနဲ့ ရေနံတင် သင်္ဘောဖြစ်ပြီး၊ သင်္ဘောပေါ် လိုက်ပါလာတဲ့ သင်္ဘောသား အများစုဟာ အီရန် နိုင်ငံသားတွေ ဖြစ်ပါတယ်။

ဆန်ချီဟာ အီရန်နိုင်ငံပိုင် ခါ့ဂ် ဆိုတဲ့ ကျွန်းကနေ တောင်ကိုရီးယား ဒေဆန် ဆိပ်ကမ်းဆီ ဦးတည် ခုတ်မောင်း လာခဲ့တာ ဖြစ်ပါတယ်။

ဆန်ချီပေါ်မှာ ဒေါ်လာ သန်း ၆ဝ ဖိုး ရေနံတွေ စည်ပေါင်း တစ်သန်း ပျော့ပျော့ တင်ဆောင် လာခဲ့ပါတယ်။

ဆန်ချီပေါ်က အီရန်နိုင်ငံသား အယောက် ၃ဝနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား နှစ်ယောက်တို့ ပျောက်ဆုံး နေကြောင်း တရုတ် အစိုးရ ပို့ဆောင်ရေး ဝန်ကြီးဌာနက အတည်ပြု ထားပါတယ်။

Image caption ရှန်ဟိုင်းမြို့ ကမ်းလွန်းပြင် ရေမိုင် ၁၆ဝ အကွာမှာ သင်္ဘောနှစ်စင်းတိုက်မိ

သင်္ဘောနှစ်စင်း ဝင်တိုက်မိကြတာ စနေနေ့ ညနေပိုင်းက ဖြစ်ပြီး ရှန်ဟိုင်းမြို့ ကမ်းလွန်းပြင် ရေမိုင် ၁၆ဝ အကွာမှာပါ။

အခင်းဖြစ်ခဲ့တဲ့နောက် ရှာဖွေ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ဖို့ တရုတ် သင်္ဘော ၈ စင်း သွားရောက် ခဲ့ကြပြီး၊ ကုန်တင် သင်္ဘောပေါ်က တရုတ်နိုင်ငံသား သင်္ဘော ဝန်ထမ်း ၂၁ယောက်ကို ကယ်ဆယ် နိုင်ခဲ့တယ်လို့ တရုတ် အာဏာပိုင် တွေက ပြောပါတယ်။

တရုတ်အစိုးရပိုင် ရုပ်မြင်သံကြား ဌာနဖြစ်တဲ့ CGTN က ထုတ်လွှင့် ပြသတဲ့ အထဲ မီးခိုးလုံးကြီးတွေ အလုံးလိုက် တက်ပြီး ရေပေါ် ပေါလောမျောနေတဲ့ ဆန်ချီ ရေနံတင် သင်္ဘောရဲ့ ပုံကို တွေ့ရပါတယ်။

ဆန်ချီဟာ မီးလောင်လျက်သား မျောနေသလို၊ အဲဒီက ယိုဖိတ်ကျနေတဲ့ ဆီတွေလည်း ဘေးပတ်ဝန်းကျင်က ရေမျက်နှာပြင်ထက် အကွက်လိုက်တွေ ဖြစ်ထွန်းနေပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေကိုတော့ လက်မလျှော့သေးပဲ တွန်းပြီး လုပ်ဆောင် နေတယ်လို့ တရုတ် တာဝန် ရှိသူတွေက ဆိုပါတယ်။

တောင်ကိုရီးယား နိုင်ငံကလည်း သူတို့ ဆီက ကမ်းစောင့်တပ် သင်္ဘောနဲ့ ရဟတ်ယာဉ် တစ်စင်း စေလွှတ်ပေးပြီး ကယ်ဆယ်ရေးမှာ ဝင်ရောက် အားဖြည့် ကူညီနေပါတယ်။

ဆန်ချီနဲ့ တိုက်မိတဲ့ ကုန်တင်သင်္ဘောကတော့ ဟောင်ကောင်မှာ မှတ်ပုံတင်ထားတဲ့ CF Crystal သင်္ဘော ဖြစ်ပြီး၊ အမေရိကန်ကနေ ကောက်ပဲသီးနှံ တန်ချိန်ပေါင်း ခြောက်သောင်းလေးထောင် တင်ဆောင်ပြီး တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်းတုံကို ခုတ်မောင်းလာတာ ဖြစ်တယ်လို့ တရုတ် အစိုးရက အတည်ပြု ပြောထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကန်စစ်သင်္ဘောနဲ့ ရေနံတင်သင်္ဘောတိုက်မိ

ဆက်စပ် အကြောင်းအရာများ