တောင်နဲ့မြောက် ကိုရီးယား ဆွေးနွေးပွဲစတင်

  • 9 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ဒီဆွေးနွေးပွဲကို နှစ်ဖက်စလုံးက အကောင်းအဖြစ် ရှုမြင်

မြောက်နဲ့တောင် ကိုရီးယား နှစ်နိုင်ငံ ထိပ်သီး ဆွေးနွေးပွဲတွေဟာ ၂ နှစ် အတွင်းမှာ ပထမဆုံး အကြိမ်အနေနဲ့ ပြန်လည်စတင်နေပါပြီ။

နယ်ခြားက စစ်ပြေငြိမ်းရာ ပန်မွန်ဂျုံ ရွာက ငြိမ်းချမ်းရေး စံအိမ် မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ လာမယ့် ဖေဖော်ဝါရီလထဲ တောင်ကိုရီးယားမှာ ကျင်းပမယ့် ၂၀၁၈ ဆောင်းရာသီအိုလံပစ်မှာ မြောက်ကိုရီးယား အားကစား အဖွဲ့ ပါဝင်နိုင်ရေး အဓိက ထား ဆွေးနွေးကြပါမယ်။

ဒီဆွေးနွေးပွဲတွေကနေ ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးတက်လာနိုင်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

ဒီဆွေးနွေးပွဲကို နှစ်နိုင်ငံစလုံးက ကိုယ်စားလှယ် ၅ ယောက်စီ တက်ရောက်သလို ဆွေးနွေးပွဲတွေ မစတင်မီ မီဒီယာကိုလည်း စကားပြောဆိုခဲ့ပါတယ်။

"တောင်ကိုရီးယားမှာ ရှေ့လကျရင် ကျင်းပမယ့် ပြုံချမ်းဆောင်းရာသီအိုလံပစ်ပွဲတော်ကို မြောက်ကိုရီးယားအဖွဲ့လည်း အခြား ကမ္ဘာ့နိုင်ငံတွေ နည်းတူ ပူးပေါင်းပါဝင်လာနိုင်ရင် ငြိမ်းချမ်းရေးအိုလံပစ် ဖြစ်လာမယ်" လို့ တောင်ကိုရီးယားရဲ့ ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန ဝန်ကြီး ချိုမြောင်ဂျွန်က ပြောပါတယ်။

"ဒီဆွေးနွေးပွဲကနေ နှစ်သစ်ရဲ့ ပထမဆုံး လက်ဆောင် အဖြစ် ရလဒ်ကောင်းတွေ ရဖို့ မျှော်လင့်ချက်တွေ မြင့်မားနေတယ်" လို့လည်း မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ရီဆွန်ဂူအမ်က ပြောပါတယ်။ သူက အရင်တုန်းက နှစ်နိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာလည်း ပါဝင်ခဲ့ဖူးပြီး တောင်ကိုရီးယားနဲ့ ဆက်ဆံရေး အစိုးရအေဂျင်စီအဖွဲ့ရဲ့ ဥက္ကဋ္ဌ တာဝန်ယူထားသူပါ။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆွေးနွေးပွဲကျင်းပရာဆီ ထွက်ခွာသွားနေတဲ့ တောင်ကိုရီးယားအဖွဲ့ ယာဉ်တန်း

တောင်နဲ့မြောက် ကိုရီးယားခေါင်းဆောင်ပိုင်းတွေ နောက်ဆုံး စကားပြောခဲ့တဲ့ ၂၀၁၅ နောက်ပိုင်းမှာ နှစ်နိုင်ငံကြား တင်းမာမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်နဲ့ နျူကလီးယား စမ်းသပ်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ နှစ်နိုင်ငံ ပူးတွဲလုပ်နေတဲ့ ကေဆွန်စီးပွားရေးဇုန် စီမံကိန်းကို တောင်ကိုရီးယားဘက်က ယာယီ ရပ်တန့်ခဲ့ပြီးနောက်ပိုင်းမှာ နှစ်ဘက် ဆက်သွယ်ရေး လမ်းကြောင်း ပြတ်တောက်ခဲ့ပါတယ်။

အဲဒီကနေ မြောက်ကိုရီးယားဘက်က တယ်လီဖုန်းလိုင်း အပါအဝင် အဆက်အသွယ်တွေ အားလုံးကို ဖြတ်တောက်ပစ်ခဲ့ပါတယ်။

နောက်ပိုင်းမှာလည်း မြောက်ကိုရီးယားဟာ နိုင်ငံတကာက တားမြစ်ထားတဲ့ စွမ်းအားမြင့် ဒုံးကျည်စမ်းသပ်တာတွေကို ဆက်တိုက်လုပ်ခဲ့လို့ ကိုရီးယားကျွန်းဆွယ်အရေးက ပေါက်ကွဲလုဆဲဆဲ အခြေအနေအထိ ဆိုးရွားသွားခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
နျူကလီးယား ခလုတ် ဆိုတာ ရှိသလား

ဒါပေမယ့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ၂၀၁၈ နှစ်ဦး မိန့်ခွန်းမှာ တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ် ပွဲ အတွက် အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သလို မြောက်ကိုရီးယား အားကစားအဖွဲ့ စေလွှတ်ဖို့လည်း စဉ်းစားနေကြောင်း ထည့်သွင်း ပြောဆိုပြီး နောက်ပိုင်းမှာ အခုလို နှစ်နိုင်ငံ ထိပ်သီးအဆင့် ဆွေးနွေးပွဲတွေ ပြန်လည် စတင်လာနိုင်ခဲ့တာပါ။

အဲဒီနောက် တောင်ကိုရီးယားနဲ့ အရေးပေါ် တိုက်ရိုက် တယ်လီဖုန်းလိုင်းကြောင်း တခု ပြန်ဖွင့်ခဲ့ပြီး စကားပြောဆိုတာတွေ စတင်ခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အခု ဆွေးနွေးပွဲကို ကြီးမားတဲ့ အစပြုမှု တခု အဖြစ် ညွန်းဆိုလိုက်ပြီး အပြုသဘောဆောင်တဲ့ ရလဒ်တွေသာ ထွက်ပေါ်လာနိုင်ခဲ့ရင် ကမ္ဘာ့လူသားမျိုးနွယ် တခုလုံးအတွက် ကြီးကျယ်တဲ့ အရာဖြစ်လာနိုင်မယ်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ