စစ်ရေးတင်းမာမှု လျှော့ချရေး ဆွေးနွေးဖို့ ကိုရီးယား နှစ်နိုင်ငံ သဘောတူ

  • 10 ဇန်နဝါရီ 2018
Image caption နှစ်နိုင်ငံနယ်စပ်က စစ်ရေးကင်းမဲ့ဇုန်

နှစ်နိုင်ငံ အဆင့်မြင့် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲ မကျင်းပ နိုင်ခဲ့တာဟာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်က စစ်ရေးတင်းမာမှုတွေ လျှော့ချနိုင်ရေး အတွက် ဆွေးနွေးပွဲ ပြုလုပ်ဖို့ တောင်နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေ သဘောတူလိုက်ကြပါတယ်။

ဒီသဘောတူညီချက်ကြောင့် နှစ်နိုင်ငံ စစ်တပ်တွေအကြား နှစ်နှစ်ကြာ ဆက်သွယ်မှု ရပ်တန့်ခဲ့တဲ့ အရေးပေါ် ဆက်သွယ်ရေး လမ်းကြောင်းကိုလည်း ပြန်လည် အသက်သွင်း နိုင်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား အစိုးရ ဘက်က ပြောပါတယ်။

တရက်ကြာ နှစ်ဘက် ဆွေးနွေးမှုအပြီး အခုလို သဘောတူနိုင်ခဲ့တာပါ။

တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယား အနေနဲ့ အားကစားအဖွဲ့တွေနဲ့ ကိုယ်စားလှယ်အဖွဲ့တွေကို စေလွတ်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြောက်ကိုရီးယားဘက်ကတော့ နျူကလီးယား လျှော့ချရေးအတွက် ပြောဆိုမှု မရှိသေးပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ကတော့ ဒီလို ဆွေးနွေးမှုတွေ ပြန်စမယ့် ကိစ္စအပေါ် သတိထားပြီး ကြိုဆိုကြောင်း ပြောပါတယ်။

တောင်ကိုရီးယားမှာ ကျင်းပမယ့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယားအနေနဲ့ ပါဝင်မှာ ဖြစ်ပေမယ့် ဒီအချက်ဟာ ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ကန့်သတ်အရေးယူမှုဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်ခြင်း မရှိဘူးလို့တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

မြောက်ကိုရီးယား ဘက်ကတော့ ကိုယ်စားလှယ်အဖွဲ့တွေ ၊ အားကစားသမားတွေ ၊ ရိုးရာအကသမားတွေ ၊ တိုက်ကွမ်ဒိုအသင်းအဖွဲ့တွေ ၊ ပွဲကြည့်ပရိသတ်တွေကို စေလွှတ်မှာဖြစ်ပြီး အဲဒီအဖွဲ့တွေ အတွက် တောင်ကိုရီးယား ဘက်က ကြိုဆိုလက်ခံ နေရာချထားပေးရမှာ ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ