ဆွစ်ဇာလန်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဆန့်ကျင်ဆန္ဒပြ

  • 13 ဇန်နဝါရီ 2018

နောက်လ ဒါးဗို့စ်မှာလုပ်မယ့် ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်လာမှာကို ဆန့်ကျင်တဲ့အနေနဲ့ အရင်းရှင်စနစ် ဆန့်ကျင်ရေးသမား ဆန္ဒပြသူ တထောင်လောက်ဟာ ဆွစ်ဇာလန်မြို့တော် ဘန်းမြို့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ ကွန်မြူနစ် သင်္ကေတတွေပါတဲ့ အလံတွေကို ကိုင်ဆောင်ခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးဖိုရမ်ကို ဖျက်ဆီးကြလို့ ကြွေးကြော်ခဲ့ကြပါတယ်။

အစပိုင်းမှာ ဆန္ဒပြသူတွေဟာ အမေရိကန် သံရုံးကို ဦးတည်ခဲ့ကြပေမယ့် ရဲအဖွဲ့က ပိတ်ဆို့လမ်းလွှဲခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်ကိုကန့်ကွက်မှုနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ ၂၀၀၀ ခုနှစ်လွန်ကာလတွေတုန်းက အားကောင်းခဲ့ပါတယ်။ နောက်ပိုင်းမှာ အတန်ကြာ တစုံတရာငြိမ်သက်နေခဲ့ပြီး အခု သမ္မတ ဒေါ်နယ်ထရမ့် အမေရိကန်မှာတက်လာပြီးနောက် ပြန်လည် လှုပ်ရှားကြီးထွားလာတာဖြစ်ပါတယ်။

ဒါဗို့စ်ညီလာခံ စတင်တဲ့အခါမှာ လက်ရှိ ရဲအရာရှိ တထောင်လောက်ကို ကူညီဖို့အတွက် နောက်ထပ် ရဲတပ်ဖွဲ့ ၅ ထောင်ကို ထပ်မံပြီး လုံခြုံရေးတိုးမြှင့်ချထားမှာဖြစ်ပါတယ်။