လူမည်းကလေးကို မျောက်နဲ့နှိုင်းလို့ စတိုးဆိုင်ကြီး အဖျက်ဆီးခံရ

  • 14 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် WIKUS DE WET/AFP/GETTY IMAGES
Image caption H & M အထည် စတိုးဆိုင်ကြီးကို တောင်အာဖရိက နိုင်ငံမှာ တိုက်ခိုက်မှုဖြစ်ပွား

တောင်အာဖရိက နိုင်ငံ ဂျိုဟန်းနစ္စဘတ်မြို့မှာ ဆွီဒင် နိုင်ငံအခြေစိုက် H&M ကုမ္ပဏီပိုင် အဝတ်အစား စတိုးဆိုင်ကြီးကို ဆန္ဒပြသူတွေက ရိုက်ချိုး ဖျက်ဆီးခဲ့တဲ့ အတွက် တောင်အာဖရိက ရဲအဖွဲ့က ရာဘာကျည်ဆံနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို တက်ကြွတဲ့ နိုင်ငံရေးအင်အားစုဖြစ်တဲ့ စီးပွားရေးလွတ်လပ်ခွင့် တိုက်ခိုက်ရေးသမားများဆိုတဲ့ အဖွဲ့က ပူးပေါင်းပါဝင်ခဲ့ပါတယ်။

H&M ကုမ္ပဏီရဲ့ ကြော်ငြာတခုကို သူတို့က မကျေနပ်လို့ တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကြော်ငြာထဲမှာ လူမည်းကလေးငယ် တယောက်ဟာ မော်ဒယ်အဖြစ်သရုပ်ဆောင်ပြီး H&M ရဲ့ ခေါင်းစွပ်ဦးထုပ်ပါအင်္ကျီကို ဝတ်ဆင်ထားပါတယ်။ အဲဒီပုံကို တောနက်ကြီးထဲက အမိုက်ဆုံးမျောက်ကလေးဆိုပြီးတော့လည်း စာတမ်းရေးထိုးထားတဲ့အတွက် ဒေါသပေါက်ကွဲခဲ့ကြတာဖြစ်ပါတယ်။

H&M က အဲဒီအတွက် တောင်းပန်ခဲ့ပြီး ကြော်ငြာကိုလည်း ဒီသီတင်းပတ် စောစောပိုင်းတုန်းက ပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ