အာရပ်နွေဦး ၇ နှစ်မြောက်နှစ်ပတ်လည်အဖြစ် တူနီးရှားမှာ ဆန္ဒပြ

  • 14 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption တူနီးရှားဆန္ဒပြပွဲမြင်ကွင်း

ခြိုးခြံချွေတာရေး မူဝါဒတွေနဲ့ အခွန်တိုးမြှင့်ကောက်ခံရေးအစီအစဉ်တွေပါဝင်တဲ့ အစိုးရရဲ့ မူဝါဒတွေကို ထုတ်ပြန်ခဲ့ပြီးနောက် တူနီးရှားနိုင်ငံမှာ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

သမ္မတ ဇင်အယ်လ်အဘိုင်ဒင် ဘင်အလီ နှုတ်ထွက်ခဲ့ရတဲ့ ၇ နှစ်မြောက် အာရပ်နွေဦး နှစ်ပတ်လည်နေ့က တနင်္ဂနွေနေ့မှာ ကျရောက်မှာဖြစ်ပြီး အဲဒီနေ့မတိုင်ခင်မှာ ဆန္ဒပြမှုတွေ စတင်ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။

အစိုးရအဖွဲ့က အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ရပြီး ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၈၀ဝ လောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေ ၊ အိမ်ယာဝယ်ယူခွင့်နဲ့ ဆင်းရဲနွမ်းပါးသူတွေကို ကူညီပေးရေးဆိုင်ရာ ဥပဒေကြမ်းကို ပါလီမန်ကို ပေးပို့ခဲ့ပြီးဖြစ်တယ်လို့ အာဏာပိုင်တွေဘက်က ပြောဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲတွေဟာ ဒီလအစောပိုင်းမှာကတည်းက စတင်ဖြစ်ပွားနေခဲ့တာဖြစ်ပြီး နှစ်သစ်မှာ အခွန်တိုးမြှင့်ကောက်ခံမဲ့ အစီအစဉ်နဲ့ ၂၀၁၈ ဘတ်ဂျက်မှာ တန်ဖိုးနှုန်းထားတွေ တိုးမြှင့်လိုက်တဲ့အပေါ် မကျေနပ်တွေ ရှိလာနေခဲ့တာပါ။

တူနီးရှား အနေနဲ့ ဘတ်ဂျက်လိုငွေပြမှုတွေကို အလျင်အမြန်တုံ့ပြန်ဖြေရှင်းဖို့ လိုနေပြီဆိုပြီး အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက သတိပေးခဲ့ပါတယ်။

ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေဟာ အလုပ်လက်မဲ့များပြားမှုနဲ့ ဆင်းရဲမွဲတေမှုပြဿနာတွေကို ဖြေရှင်းဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ နိုင်ငံရဲ့ အဓိက စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းဟာလည်း ၂၀၁၅ ခုနစ်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း နိုင်ငံခြားသားတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီးနောက် အလွန်ခက်ခက်ခဲခဲရုန်းနေရတဲ့ လုပ်ငန်းဖြစ်လာပါတယ်။

လူပေါင်း ၈၀ဝ ကျော်ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးက ကြေညာထားပြီး ဖြစ်ပွားနေတဲ့ အုံကြွမှုတွေအတွင်း လုံခြုံရေးဝန်ထမ်း ၉၇ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရဘက်က ပြောပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေ ဘယ်လောက် ဒဏ်ရာရခဲ့သလဲဆိုတာကိုတော့ အစိုးရဘက်က ထုတ်ပြန်ခြင်းမရှိပါဘူး။

ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ကတော့တော့ တူနီးရှားဆန္ဒပြပွဲတွေအတွင်း ဖမ်းဆီးမှု အလွန်များပြားခဲ့တာကို စိုးရိမ်မိကြောင်း ပြောပါတယ်။ တူနီးရှားသမ္မတကတော့ နိုင်ငံတကာ မီဒီယာတွေရဲ့ ဒီအုံကြွမှုတွေအပေါ် သတင်းဖော်ပြချက်တွေဟာ နိုင်ငံ့ပုံရိပ်ထိခိုက်စေဖို့ တွန်းအားပေးနေကြတာ ဖြစ်တယ်လို့ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဆန္ဒပြသူတွေဘက်ကတော့ လွန်ခဲ့တဲ့ ၇ နှစ်က တူနီးရှားမှာဖြစ်ခဲ့တဲ့ အာရပ်နွေဦးရဲ့ ရည်မှန်းချက်တွေဟာ အခုထိ မအောင်မြင်သေးဘူးလို့ ပြောကြပါတယ်။

ဆက်စပ် အကြောင်းအရာများ