အန္တရာယ် ကျရောက်တဲ့ ဟာဝိုင်အီ အချက်ပေးသံ အမှားအယွင်း လက်မခံနိုင်

  • 15 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption မှားယွင်းသတိပေးတာဟာ လုံးဝ လက်သင့်မခံနိုင်တဲ့ အမှားလို့ အမေရိကန် ဖယ်ဒရယ် ဆက်သွယ်ရေး အကြီးအကဲ အဂျစ်ပိုင်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီကျွန်းမှာ တိုက်ချင်းပစ် မစ်ဇိုင်းဒုံးကျည် အန္တရာယ် ကျရောက်တဲ့ အကြောင်း စနေ့နေ့က မှားယွင်းသတိပေးတာဟာ လုံးဝ လက်သင့်မခံနိုင်တဲ့ အမှားလို့ အမေရိကန် ဖယ်ဒရယ် ဆက်သွယ်ရေး အကြီးအကဲ အဂျစ်ပိုင်က ပြောပါတယ်။

ဒါကြောင့် အစိုးရ အရာရှိတွေအနေနဲ့ နောင်ကို အခုလို မှားယွင်းမှု မဖြစ်အောင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုနေပြီလို့ သတိပေးပါတယ်။

ဒီမှားယွင်း အချက်ပေး မိတာ ကိုလည်း ချက်ချင်း သတင်းအမှန် ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်းလည်း ဆိုပါတယ်။

သတိပေးတဲ့ အချက်ပေါ်လာပြီး ၃၈ မိနစ်ကြာမှ သက်ဆိုင်ရာ အစိုးရ အရာရှိတွေက ဒါဟာ မှားယွင်းတဲ့ သတိပေးချက်ပါ လို့ ကြေညာပေးခဲ့တာပါ။

ဓာတ်ပုံ မူပိုင် Twitter
Image caption ဒီမှားယွင်း အချက်ပေး မိတာ ကိုလည်း ချက်ချင်း သတင်းအမှန် ထုတ်ပြန်ပေးဖို့ လိုအပ်ကြောင်း

၃၈ မိနစ် အတွင်းမှာ လူတွေ ပြာယာခတ်ကုန်ပြီး ပြေးကြလွှားကြနဲ့ ထိတ်လန့် ချောက်ချား သွားတယ်လို့ ဟာဝိုင်ယီမှာရှိတဲ့ အမျိုးသမီး သတင်းထောက်တဦးက ဘီဘီစီ ကို ပြောပါတယ်။

ဟာဝိုင်ယီ အရေးပေါ် ထိန်းသိမ်းရေး အေဂျင်စီက ဝန်ထမ်းတဦး အလုပ်ချိန် အပြောင်းအလဲမှာ အချက်ပေးခလုတ် မှားနှိပ်မိတာလို့ ဟာဝိုင်ယီ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက မြောက်ကိုးရီးယားနိုင်ငံက ခြောက်ကြိမ်မြောက် နျူကလီးယား စမ်းသပ်ဖေါက်ခွဲခဲ့တာကြောင့် မတော်တဆများ အမေရိကန်ကို ချိန်ရွယ် ပစ်လွှတ်ပြီ ဆိုရင် မိနစ် ၂၀ အတွင်း ဟာဝိုင်ယီကို ထိမှန်ဘွယ် ရှိတာကြောင့် အထိတ်တလန့် ဖြစ်သွားတာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ