ဗြိတိန် ပြင်သစ် သဘောတူချက်သစ် ချုပ်ဆို

  • 19 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြင်သစ် သမ္မတ မက်ခရွန်းနဲ့ ဗြိတိန် ဝန်ကြီးချုပ် မေတို့ Sandhurst စစ်တက္ကသိုလ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့

ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံအကြား ပင်လယ်ရေပြင် နယ်နမိတ် လုံခြုံရေးနဲ့ ပြင်သစ်နိုင်ငံ မြောက်ပိုင်း ဆိပ်ကမ်းမြို့တွေမှာ ခိုလှုံခွင့် တောင်းသူတွေ ကိစ္စ အမြန်ဆုံး ဆောင်ရွက်ပေးရေးတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ သဘောတူ စာချုပ်သစ်တခုကို လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ဒီ သဘောတူ စာချုပ်ဟာ ၁၅နှစ်တာ ကာလအတွင်း ကယ်လေ နယ်စပ် ကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ပူးတွဲ သဘောတူခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်။ ဒီစာချုပ်အရ နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ ပူးတွဲ နယ်စပ်ကို ကြီးကြပ်ရာမှာ ပိုကောင်းမွန်လာစေပြီး နိုင်ငံရွှေ့ပြောင်း ဝင်လာသူတွေကိစ္စ ကိုင်တွယ်ဖြေရှင်းရာမှာ ပိုမြန်ဆန်လာမယ်လို့ ပြင်သစ် သမ္မတ မက်ခရွန်းက ပြောပါတယ်။

သမ္မတ အဲမ်မဲန်ဝဲလ် မက်ခရွန်းနဲ့ ဗြိတိန် ဝန်ကြီးချုပ် ထရီစာ မေတို့ ထိပ်သီး ဆွေးနွေးပွဲ လုပ်ခဲ့တဲ့ Sandhurst စစ်တက္ကသိုလ် ကို အစွဲပြုပြီး အမည်ပေးထားတဲ့ အဲဒီ Sandhurst သဘောတူ စာချုပ်ဟာ နှစ်နိုင်ငံစလုံးအတွက် အကျိုး ဖြစ်ထွန်းစေမယ်လို့ ဝန်ကြီးချုပ် ထရီစာ မေက ပြောပါတယ်။

ကယ်လေက ရွှေ့ပြောင်းဒုက္ခသည် အားလုံးကို ရှင်းလင်းပြီးပြီ

ဒီစာချုပ်အရ ကယ်လေ ဆိပ်ကမ်းမြို့ကနေ UK နိုင်ငံထဲ လာရောက် ခိုလှုံခွင့် တောင်းဖို့ လုပ်နေသူတွေအတွက် လုပ်ငန်းစဉ် ဆောင်ရွက်ချိန် ၆လအစား အရွယ်ရောက်သူတွေအတွက် တလ၊ ကလေးငယ်တွေအတွက် ၂၅ရက်ပဲ ကြာတော့မှာ ဖြစ်ပါတယ်။

သမ္မတ မက်ခရွန်းကလည်း ဒီသဘောတူ စာချုပ်မှာ လူသားချင်း ပိုစာနာတဲ့ နည်းလမ်းတွေ ပါမှာ ဖြစ်သလို ပိုထိရောက်မယ်လို့ ပြောပါတယ်။

ဒါပေမယ့် အီးယူ ဥရောပ သမဂ္ဂ ကနေ ဗြိတိန် နှုတ်ထွက်အပြီး လုပ်မယ့် ဘယ် ကုန်သွယ်ရေး သဘောတူချက်ထဲမှာမှ ဗြိတိန် တောင်းဆိုတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို ပြင်သစ်က အလျှော့ပေး ထည့်သွင်းပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

တခါ ဒီသဘောတူ စာချုပ်အရ နိုင်ငံရပ်ခြား စစ်ဆင်ရေး ပူးတွဲ တပ်ဖွဲ့ တခုကို တပ်ဖွဲ့ဝင် တသောင်းနဲ့ ၂၀၂၀ခုနှစ် မတိုင်ခင် ဖွဲ့စည်းနိုင်မယ်လို့ ဝန်ကြီးချုပ် ထရီစာ မေက ပြောပါတယ်။

ဒါ့အပြင် အစ္စလာမစ်စ် လက်နက်ကိုင်တွေကို ပြင်သစ်တပ်ဖွဲ့ တိုက်ခိုက်နေတဲ့ မာလီနိုင်ငံဆီ ဗြိတိန်က စစ်ရဟတ်ယာဉ် ၃စင်း စေလွှတ်ပေးမှာ ဖြစ်သလို ပြင်သစ်ကလည်း ရုရှားနဲ့ နေတိုးရဲ့ နယ်စပ် အက်စတိုးနီးယားမှာ ရှိတဲ့ ဗြိတိသျှ တပ်ဖွဲ့တခုဆီ သူတို့ရဲ့ တပ်ဖွဲ့တွေ နောက်ထပ် စေလွှတ်သွားမယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ