ကဘူးလ်မြို့တော် က အထင်ကရ အင်တာကွန်တင်နီတယ် ဟိုတယ် ကို သေနတ်သမားတွေ တိုက်ခိုက်

  • 21 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption အထူးတပ်ဖွဲ့ဝင်တွေကို အခင်းဖြစ်ပွားရာ ဟိုတယ်နားမှာ နေရာချထား

ကဘူးလ်မြို့တော် က အထင်ကရ အင်တာကွန်တင်နီတယ် ဟိုတယ်မှာ သေနတ်သမား တွေ ဝင်ရောက် တိုက်ခိုက် ခဲ့ပါတယ်။

သေနတ်သမားတွေ က အာဖဂန်နစ္စတန် စံတော်ချိန်နဲ့ဆိုရင် မနေ့ ည ၉ နာရီအချိန်လောက်မှာ ဒီ အထပ် ၅ ထက်မြင့်တဲ့ ဟိုတယ်ကို စပြီးဝင်တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။

သေနတ်သမား က အနည်းဆုံး ၄ ယောက်လို့ အာဖဂန်အရာရှိတွေ က ပြောပါတယ်။

သေနတ်သမားတွေဟာ ဟိုတယ်ဝန်ထမ်းတွေ နဲ့ ဧည့်သည်တွေကို ပစ်ခတ် ခဲ့တယ်လို့လည်း သူတို့က ဆိုပါတယ်။

အထူးလုံခြုံရေးတပ်ဖွဲ့က သေနတ်သမား ၂ ယောက်ကို ပစ်သတ်လိုက်ပြီ၊ တခြားသူတွေ ကိုလိုက်လံရှင်းလင်းနေတယ်လို့ လည်း ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် က ပြောပါတယ်။

သေဆုံးသွားတဲ့ အရပ်သား ၃ ယောက်ကို ဆေးရုံကိုယူသွားပြီလို့ အရာရှိတွေ က ဆိုသလို တချို့သတင်းတွေအရ အနည်းဆုံး ၅ ယောက်ထိခိုက်ဒဏ်ရာ ရထားကြောင်း သိရပါတယ်။

ဒေသတွင်း မီဒီယာတွေ က သေနတ်သမားတွေ ဟာ ဟိုတယ်ထဲမှာပဲ ဓားစာခံတွေ ကိုဖမ်းဆီးထားတယ်လို့ ပြောနေကြပေမယ့် ဒါတွေ ကိုတော့ အစိုးရ အရာရှိတွေ က အတည်မပြုပေးပါဘူး။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်တာကွန်တင်နီတယ် ဟိုတယ် ကို ၂၀၁၆ ဇန်နဝါရီလ က တွေ့ရစဉ်

ဒီဟိုတယ် က အစိုးရပိုင် ဟိုတယ်ဖြစ်ပြီးတော့ အရင်တလ လောက် ကမှ လုံခြုံရေး ကိစ္စ ကို ပုဂ္ဂလိက ပိုင်ကုမ္ပဏီ တခုလက်ထဲ လွှဲလိုက်တာ လို့ အေဖက်ပီ သတင်းဌာန ကို အာဖဂန် အစိုးရအရာရှိတယောက် က ပြောပါတယ်။

ဒီဟိုတယ်ဟာ မင်္ဂလာဆောင်အခမ်းအနားတွေ၊ ကွန်ဖရင့်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေရဲ့ တွေ့ဆုံပွဲတွေ လုပ်နေကျဖြစ်တဲ့ ဟိုတယ်တခုဖြစ်သလို အခုအချိန်မှာလည်း အိုင်တီ နည်းပညာ ဆိုင်ရာ ကွန်ဖရင့် တခု လုပ်နေလို့ ဒေသဆိုင်ရာ အစိုးရအရာရှိတွေ အဲဒီ ဟိုတယ်မှာ ရှိနေတယ်လို့ ဒေသတွင်းမီဒီယာ တခု က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၁ တုန်းက လည်း ဒီဟိုတယ် ကို တာလီဘန်တွေ ဝင်တိုက်ခဲ့လို့ တိုက်ခိုက်သူ ၉ ယောက်အပါအဝင် လူပေါင်း ၂၁ ယောက် သေဆုံးခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ