တူရကီရဲ့ ကာ့ဒ်ထိုးစစ် နောက်ဆက်တွဲ

  • 22 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption အီရတ်မှာ ရှိတဲ့ ကာ့ဒ်လူမျိုးတွေကလည်း တူရကီကို ကန့်ကွက် ဆန္ဒပြ

တူရကီ နိုင်ငံဟာ ဆီးရီးယား နိုင်ငံက ကာ့ဒ် လက်နက်ကိုင် တွေကို မြေပြင် ထိုးစစ် ပြုလုပ် ခဲ့ပြီးနောက် ထိန်းထိန်း သိမ်းသိမ်း လုပ်ဖို့ နိုင်ငံ တကာ ရဲ့ တောင်းဆိုမှုတွေနဲ့ ရင်ဆိုင် နေရ ပါတယ်။

ဒီကာ့ဒ် လက်နက်ကိုင် တွေဟာ ဆီးရီးယားက IS အဖွဲ့တွေကို တိုက်ခိုက် နေတာဖြစ်ပြီး အနောက် နိုင်ငံတွေ ရဲ့ ဓိက မဟာမိတ် လည်း ဖြစ်ပါတယ်။

ဆီးရီးယား မြောက်ပိုင်း က ကာဒ့်တွေ ထိန်းချုပ် နယ်မြေ အက်ဖရန် ဒေသ အတွင်း ကို တူရကီ မြေပြင်တပ်တွေ ဝင်ရောက် ကြရာ က ကီလို မီတာ ၃၀ ခန့် ရှိတဲ့ လုံခြုံရေးဇုန် ထူထောင်မယ့် အစီ အစဉ် ကို လက်ရှိ ထိန်းချုပ်ထားတဲ့ ဝိုင်ပီဂျီ ခေါ် ကာ့ဒ် ပြည်သူ့ ကာကွယ်ရေး တပ်ပေါင်းစု က လက်မခံပါ။

တခါ အမေရိကန် ဘက်က တင်ပြတဲ့ ဆီးရီးယား နဲ့ တူရကီ နယ်ခြားမှာ လုံခြုံရေး တပ်ဖွဲ့သစ် အခြေစိုက် ရေး ကိုလည်း တူရကီ က လက်သင့် မခံတဲ့ အခြေ အနေပါ။

အဲဒီ အတွက် ဆီးရီးယား ဘက်မှာ တူရကီ မြေပြင်တပ် နဲ့ ကာဒ့် လက်နက်ကိုင် အဖွဲ့ တို့ ရင်ဆိုင် တိုက်ပွဲ တွေ ဖြစ်နေ ပါပြီ။

ဒါကြောင့်မို့ အမေရိကန်က တူရကီ အစိုးရ အနေနဲ့ ဒေသခံ အရပ်သားတွေ သေကျေ ထိခိုက်မှု မရှိအောင် ထိန်းထိန်း သိမ်းသိမ်း ရှိဖို့ နှိုးဆော် လိုက်ပါတယ်။

လတ်တလော ဆီးရီးယား နဲ့ တူရကီ နယ်စပ် ရောက်နေ ကြတဲ့ တပ်ပေါင်းစု တွေ အနေနဲ့ အဓိက ရန်သူဖြစ်တဲ့ အိုင်အက်စ် အစ္စလာမ်မစ် အဖွဲ့ ကို ချေမှုန်းရေး ကိုပဲ အာရုံစိုက်ကြဖို့ အမေရိကန် နိုင်ငံခြားရေး ဌာန က တိုက်တွန်း လိုက်ပါတယ်။

ဆီးရီးယားမြောက်ပိုင်း တူရကီ တိုက်ခိုက်

ပြင်သစ် အစိုးရ ကတော့ ဒီအရေး ကိစ္စ ကို ဆွေးနွေးရေး အတွက် တနင်္လာနေ့ မှာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ မှာ အရေးပေါ် အစည်း အဝေး ခေါ်ယူဖို့ နှိုးဆော် မယ့် အကြောင်း ပြောပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Yves Le Drian ကလည်း ဆီးရီးယား နယ်စပ်မှာ ဖြစ်နေတဲ့ အခြေ အနေ အပေါ်မှာ ပြင်သစ် ဘက်က အထူး စိုးရိမ်မကင်း ဖြစ်နေပါတယ်။ ဒါကြောင့်မို့ အပစ်ရပ်ရေး အစီ အစဉ် ချမှတ် ဖို့ က သိပ် အရေးကြီး နေပြီး သဘောထား ကွဲပြား နေတာတွေ ကို နိုင်ငံရေး အရ ဆွေးနွေး အဖြေရှာရေး ကို ဂျီနီဗာ လုပ်ငန်းစဉ် အတိုင်း သွားဖို့လိုပါတယ်။ အဲဒီ အတွက် လုံခြုံရေး ကောင်စီ အရေးပေါ် အစည်း အဝေး ခေါ်ယူရေးကို တောင်းဆို လိုက်တာပါ လို့ ပြောပါတယ်။

လက်ရှိ အနေ အထား အရ အက်ဖရင် ဒေသ မှာ တူရကီ ရဲ့ ထိုးစစ် ဆင်မှု ဟာ မဟာမိတ် နေတိုး စစ်အုပ်စု နဲ့ ထိပ်တိုက် တိုးတဲ့ ပုံစံပါ။

အဲဒီ အတွက် ဆီးရီးယား အရေး ဖြေရှင်းရေး မှာ ပါဝင် ပတ်သက် သူတွေ များပြား လာသလို ဝိုင်ပီဂျီ ကို ထောက်ခံမှု ပြုနေတဲ့ အမေရိကန် အဖို့ စစ်ရေး နိုင်ငံရေး ကစားကွက် အပိုင်း မှာ အားနည်း လာနေပါတယ်။

တဘက်မှာ လည်း တူရကီ က ရုရှ ခွင့်ပြုမိန့် မီးစိမ်း ရတဲ့ အလား ဆီးရီးယား ထဲ ထိုးစစ်ဆင် မှုဟာ ရှေ့ဆက် အခြေ အနေ တွေ ကို ပြောင်းလဲ စေနိုင် မလား ဆိုတာ ဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ အကြောင်း ဘီဘီစီ သတင်းထောက် ဆာဘက်စ်ရှန် အာရှာ က သုံးသပ် ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ