ဆရာဝန်ဟောင်းကို နောက်ထပ် ထောင်ဒဏ်နှစ်ရှည်တွေ ချမှတ်

  • 25 ဇန်နဝါရီ 2018
Image caption တောင်းပန်ဖို့ ကြိုးစားတာကို တရားသူကြီး လက်မခံ

အမေရိကန် ကျွမ်းဘား အားကစား အိုလံပစ် အသင်း ရဲ့ ဆရာဝန် အဖြစ် လုပ်ဆောင်ခဲ့တဲ့ လယ်ရီ နာ့စ်ဆာ Larry Nassar ကို ထောင်ဒဏ် အနှစ် ၄ဝ ကနေ ၁၇၅ နှစ် အထိ ပြစ်ဒဏ်ချမှတ်ဖို့ အမေရိကန် တရားသူကြီးက အမိန့် ချမှတ် လိုက်ပါတယ်။

အိုလံပစ် ပြိုင်ပွဲဝင် အားကစားမယ်လေးတွေ အပါအဝင်၊ အမျိုးသမီး ငယ်လေးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ အပေါ် လိင်ပိုင်း ဆိုင်ရာ တိုက်ခိုက် စော်ကားမှုတွေ ပြုလုပ်ခဲ့ကြောင်း မတူတဲ့ အဖြစ်အပျက် ၁ဝ ခု အပေါ် နာ့စ်ဆာက ဝန်ခံ ခဲ့အပြီး အခုလို ပြစ်ဒဏ် ချခဲ့တာ ဖြစ်ပါတယ်။

သူကျူးလွန်ခဲ့တာတွေ အတွက် တောင်းပန်ဖို့ နာ့စ်ဆာ ကြိုးစားခဲ့ပေမယ့်လည်း၊ တကယ် စစ်စစ်မှန်မှန် နောင်တတရား ရတာမျိုး မဟုတ်ဘူး ဆိုပြီး တရားသူကြီးက ပယ်ချ ခဲ့ပါတယ်။

ကျန်နေတဲ့ သက်တမ်း အမှောင်ထုတွင်း ကုန်ဆုံးစ ပစေတော့ ဆိုပြီး နာ့စ်ဆာ အပေါ် တရားသူကြီးက စီရင် ခဲ့ပါတယ်။

အဲဒီ ဆရာဝန်ဟာ ကလေးသူငယ်တွေရဲ့ မဖွယ်မရာပုံတွေ လက်ဝယ် ပိုင်ဆိုင်မှုနဲ့လည်း ထောင်ဒဏ် အနှစ် ၆ဝ ချမှတ် ခံထားရသူ ဖြစ်ပါတယ်။

Image caption လူပေါင်း ၁၆ဝ သက်သေထွက်ဆို
Image caption စိတ်ဒဏ်ရာပျောက်ဖို့ အလွန်ခက်ခဲ

အခုအခါမှာတော့ ဒီလို ဓာတ်ပုံတွေ သိမ်းဆည်း ပိုင်သူ တစ်ဦး ဖြစ်ရုံမက၊ ကိုယ်ထိလက်ရောက် လိင်ပိုင်းဆိုင်ရာ စော်ကား တိုက်ခိုက်မှုတွေ ကျူးလွန် ခဲ့သူ အဖြစ် အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ် လာတာ ဖြစ်ပါတယ်။

ဒီလို စီရင်နိုင်ဖို့ အဲဒီသူရဲ့ ကျူးလွန် တိုက်ခိုက်တာ ခံခဲ့ရသူပေါင်း ၁၆ဝ ဆီက သက်သေ ထွက်ဆိုချက်တွေကို တရားရုံးတော်က ကြားနာ ခဲ့ပါတယ်။

နာ့စ်ဆာ ရဲ့ ကျူးလွန်မှုကို ခံခဲ့ရသူ တစ်ဦး ဖြစ်တဲ့ ကေလီ လော်ရင် ကတော့ နာ့စ်ဆာ တစ်ယာက် နှစ်ရှည်လများ ထောင်ဒဏ် အချ ခံလိုက်ရလို့ စိတ်ဖြေရာ ရသွားမယ် ထင်ခဲ့ပေမယ့်၊ တကယ်တမ်း စိတ်မသက်သာ နိုင်ဘူး၊ နှစ်ပေါင်းများစွာ ကျူးလွန် နေနိုင်အောင် သူ့ကို အလုပ်ခန့် ထားသူတွေ မှာပါ တာဝန် ရှိတယ် ဆိုပြီး ပြောပါတယ်။

နာ့စ်ဆာ ရဲ့ အမှုတွေကို အချိန် သီတင်းတစ်ပတ်ယူပြီး ကြားနာ စစ်ဆေး ခဲ့တာ ဖြစ်ပါတယ်။

သက်သေထွက်ဆို ချက်တွေ ကြားရတာ အင်မတန် စိတ်ထိလိုက်ဖွယ် ဖြစ်တယ်၊ လိင်ပိုင်း စော်ကား ခံရတဲ့ အဖြစ်ဆိုးမျိုးက ပေးတဲ့ စိတ်ဒဏ်ရာ က လွတ်ဖို့ ဆိုတာ အမျိုးသမီးတွေ အတွက် ဘယ်လောက် ခက်ခဲသလဲ ဆိုတာတွေ ကြားသိ ခဲ့ရတယ် ဆိုပြီး မစ်ရှီဂန်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် Rajini Vaidyanathan က သတင်း ပေးပို့ ထားပါတယ်။