ဒစ်ဂျစ်တယ်ငွေကြေး ခိုးခံရတာတွေ ဂျပန်ကုမ္ပဏီပြန်လျော်မယ်

  • 28 ဇန်နဝါရီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption ခိုးယူခံရကြောင်း သိရှိပြီးတဲ့နောက်မှာ ဘစ်ကွိုင်ကလွဲလို့ ဒစ်ဂျစ်တယ် ငွေကြေး လဲလှယ်မှုတွေကို ကုမ္ပဏီက ဆိုင်းငံ့ထားခဲ့

ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ဒစ်ဂျစ်တယ် ငွေကြေး လဲလှယ်ရေး ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ ကွိုင်ချက် ကုမ္ပဏီက သူတို့ဆီက ဟက်ကာတွေ ဖောက်ထွင်းခိုးယူ ခံရတဲ့ အမေရိကန် ဒေါ်လာ ၅၃၄ သန်း တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် ငွေကြေးတွေထဲက အများစုကို ပြန်လျော်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့မှာ သူတို့ရဲ့ NEM ဒစ်ဂျစ်တယ် ငွေကြေးတွေ အခိုးခံခဲ့ရတာ ဖြစ်ပြီး ဂျပန်ယန်း ၄၆ ဘီလီယံဖိုးဖြစ်တဲ့ အမေရိကန် ဒေါ်လာ ၄၂၃ သန်းကို ကုမ္ပဏီပိုင် ရန်ပုံငွေကို သုံးပြီး ပြန်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့် ရက်အတိအကျကိုတော့ မကြေညာ ခဲ့ပါဘူး။

အခုလို ခိုးယူခံရကြောင်း သိရှိပြီးတဲ့နောက်မှာ ဘစ်ကွိုင်ကလွဲလို့ ဒစ်ဂျစ်တယ် ငွေကြေး လဲလှယ်မှုတွေကို ကုမ္ပဏီက ဆိုင်းငံ့ထားခဲ့ပါတယ်။

အခုလို ခိုးယူမှုကြောင့် လူပေါင်း ၂၆၀ဝ၀ဝ လောက် ဆုံးရှုံးမှုတွေ ကြုံခဲ့ရပြီး ခိုးထားတဲ့ အဲဒီငွေကြေးတွေကို အင်တာနက်နဲ့ ချိတ်ဆက် နိုင်တဲ့ ငွေကြေး သိုလှောင်မှု စနစ်တခုမှာ ရှိနေပြီး ဘယ်ကို ရောက်သွားသလဲဆိုတာ သိရပြီလို့ ကုမ္ပဏီက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် NIPPON HOSO KYOKAI
Image caption ကွိုင်ချက်ရဲ့ လုပ်ငန်းကြီးကြပ်ရေးမှူး ယာဆူကယ် အိုဆူကာ ကတော့ ဒီငွေကြေးတွေ ပြန်ရနိုင်ချေ ရှိလို့ပြော

ဒစ်ဂျစ်တယ် ငွေကြေး လဲလှယ်မှု ထုံးစံအရ ပိုင်ဆိုင်သူကိုယ်တိုင်သာလျှင် ဒီငွေကြေးသိုလှောင်မှုစနစ် လိပ်စာကို သိတဲ့အတွက် ဘယ်သူဆီ ရောက်သွားသလဲဆိုတာတော့ မသိရသေးဘဲ အင်တာနက်နဲ့ မချိတ်ပဲ ဒစ်ဂျစ်တယ် ငွေကြေး သိုလှောင်တဲ့ စနစ်လည်း ရှိတဲ့အတွက် နောက်ယောင်ခံရ ခက်ခဲနိုင်ပါတယ်။

ကွိုင်ချက်ရဲ့ လုပ်ငန်းကြီးကြပ်ရေးမှူး ယာဆူကယ် အိုဆူကာ ကတော့ ဒီငွေကြေးတွေ ဘယ်ရောက်သွားလဲ ဆိုတာကို ဆက်လက် ထောက်လှမ်းနေသလို ပြန်ရနိုင်ချေ ရှိပြီး ရဲနဲ့ ဂျပန်ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ အာဏာပိုင်တွေကိုလည်း အကြောင်းကြားထားတယ်လို့ ပြောဆိုထားပါတယ်။

ဂျပန်ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာ အာဏာပိုင်တွေကတော့ နောက်ထပ် အလားတူ အွန်လိုင်းက ခိုးယူမှုတွေ ဖြစ်လာနိုင်လို့ ကွန်ပြူတာစနစ် လုံခြုံရေး တင်းကျပ်ထားဖို့ တိုက်တွန်းထားပါတယ်။

ဂျပန်နိုင်ငံမှာ စီးပွားရေးလုပ်ငန်းပေါင်း တသောင်းလောက်က အဲဒီ ဒစ်ဂျစ်တယ် ငွေကြေးတွေကို လက်ခံတာ ဖြစ်ပြီး ဒီခိုးယူမှုကြောင့် NEM ရဲ့ တန်ဖိုး ၁၁ ရာခိုင်နှုန်းလောက် အထိ ကျသွားခဲ့သလို တခြား ဒစ်ဂျစ်တယ် ငွေကြေး အမျိုးအစားတွေကိုလည်း ထိခိုက်မှု ရှိခဲ့ပါတယ်။

NEM ဒစ်ဂျစ်တယ် ငွေကြေးဟာ ဈေးကွက်မှာ ဒဿမမြောက် အများဆုံး အသုံးပြုတဲ့ ငွေကြေးဖြစ်ပြီး တယူနစ်ကို အမေရိကန်ဒေါ်လာ နှစ်သောင်း အထိ တက်သွားခဲ့တဲ့ အသုံးအများဆုံး ဘစ်ကွိုင်ငွေကြေးကတော့ အမေရိကန်ဒေါ်လာ တသောင်းကျော်လောက် အထိ ကျနေခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ တုန်းကလည်း ဂျပန်နိုင်ငံရဲ့ အလားတူ ဒစ်ဂျစ်တယ် ငွေကြေး လဲလှယ်တဲ့ မောင့်တ် ဂေါ့က်စ် ကုမ္ပဏီဟာ ဘစ်ကွိုင် အမေရိကန်ဒေါ်လာ သန်း ၄၀ဝ အခိုးခံရပြီး ကုမ္ပဏီ ဖျက်ခဲ့ရဖူးပါတယ်။

ဓာတ်ပုံ မူပိုင် VICHA
Image caption ဒစ်ဂျစ်တယ် ငွေကြေးဟာ အစိုးရနဲ့ ဘဏ်တွေက ထုတ်လုပ်ပြီး ဘဏ်စာရင်းမှာ ဒစ်ဂျစ်တယ် ကိန်းဂဏန်းအနေနဲ့ ထားတဲ့ ငွေကြေးနဲ့ မတူပဲ ကွန်ပြူတာ တွက်ချက်နိုင်စွမ်းကို အခြေခံ

ဒစ်ဂျစ်တယ် ငွေကြေးဟာ အစိုးရနဲ့ ဘဏ်တွေက ထုတ်လုပ်ပြီး ဘဏ်စာရင်းမှာ ဒစ်ဂျစ်တယ် ကိန်းဂဏန်းအနေနဲ့ ထားတဲ့ ငွေကြေးနဲ့ မတူပဲ ကွန်ပြူတာ တွက်ချက်နိုင်စွမ်းကို အခြေခံ ထုတ်လုပ်တဲ့ စနစ်ဖြစ်သလို ဘလော့ချိန်းလို့ခေါ်တဲ့ နည်းပညာနဲ့ ကမ္ဘာတလွှားက ကွန်ပြူတာတွေ ချိတ်ဆက်ပြီး ဒီငွေကြေး လဲလှယ်မှုကို ထိန်းချုပ်တာ ဖြစ်ပါတယ်။

ဘစ်ကွိုင်နဲ့ NEMလို ဒစ်ဂျယ်တယ် ငွေကြေးတွေရဲ့ တမျိုးနဲ့ တမျိုး ကွာခြားမှုကတော့ ဒီငွေကြေးယူနစ်တွေ ထွက်လာဖို့ ကွန်ပြူတာက တွက်ချက်ရတဲ့ ပုစ္ဆာ ပုံစံ ဖြစ်ပါတယ်။

ဘလော့ချိန်း နည်းပညာအရ ဒီငွေကြေးကို လဲလှယ် အသုံးပြုမှုတိုင်းကို မှတ်တမ်းတင်ထားပြီး အသုံးပြုမှုတခုကို ပုံဖျက်ဖို့ ကြိုးစားရင် ဒီစနစ်က လက်မခံပဲ စာရင်းလိမ်လို့မရအောင် လုပ်ထားတာ ဖြစ်ပါတယ်။

ဒါကြောင့် သမားရိုးကျ ငွေကြေးလဲလှယ်မှုကို အတည်ပြုပေးတဲ့ ဘဏ်စနစ်တွေ၊ အကြွေးဝယ်နိုင်တဲ့ ခရစ်ဒစ် ပမာဏ သတ်မှတ်ပေးတဲ့ ကုမ္ပဏီတွေ မလိုတော့ဘူးဆိုပြီး ဗဟို ထိန်းချုပ်မှု ရှိတဲ့ စီးပွားရေး အင်အားကြီး ဘဏ်တွေကို မလိုလားသူတွေကြားမှာ လူကြိုက် များတာ ဖြစ်ပါတယ်။

ဒါပေမယ့် ငွေကြေးတွေကို အသုံးပြုသူက အမည်ဖော်စရာ မလိုတဲ့အတွက် ရာဇဝတ်မှု ကျူးလွန်သူတွေလည်း အသုံးပြုကြတာ ရှိပြီး တကယ်တမ်း ၁၀ဝ ရာခိုင်နှုန်း လုံခြုံစိတ်ချရတယ်လို့ မပြောနိုင်သေးတဲ့အတွက် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အစိုးရဘက်က အနည်းဆုံး စည်းကြပ်ဖို့နဲ့ အများဆုံး ပိတ်ပင်ဖို့အထိ နိုင်ငံတကာမှာ ဆွေးနွေး ပြောဆိုမှုတွေ ရှိနေပါတယ်။

လောလောဆယ် တရုတ်နိုင်ငံမှာ ဒစ်ဂျစ်တယ်ငွေကြေးတွေကို ပိတ်ပင်ထားပြီး တောင်ကိုရီးယားကလည်း လုံးဝ ပိတ်ပင်ဖို့ စဉ်းစားနေသလို ယူကေမှာလည်း ဘစ်ကွိုင်နဲ့ ပတ်သက်ပြီး ဘဏ္ဍာရေး စည်းမျဉ်းတင်းကြပ်ဖို့ ဝန်ကြီးချုပ် ထရီစာမေက ကတိပေးထားပါတယ်။