သံသယရှိ သေနတ်သမားကို လက်ရ ဖမ်းဆီးထား

  • 14 ဖေဖော်ဝါရီ 2018
Image caption သေနတ်သမားကြောင့် ထိခိုက် ဒဏ်ရာရသူတွေရှိ

အမေရိကန် ပြည်ထောင်စု၊ ဖလော်ရီဒါ ပြည်နယ်၊ ပါ့ခ်လဲန် Parkland က အထက်တန်းကျောင်းမှာ သေနတ်နဲ့ ပစ်ခတ်မှုအတွင်း အနည်းဆုံး သေဆုံးသူ ၁၇ ဦး ရှိသွားပြီလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သေနတ်သမားလို့ သံသယရှိခံရသူဟာ အသက် ၁၉နှစ် နီကိုလပ်စ် ခရုစ် ဖြစ်ပြီး Stoneman Douglas အထက်တန်းကျောင်းက ကျောင်းထုတ်ခံထားရတဲ့ ကျောင်းသားတဦးလို့ ဆိုပါတယ်။

နီကိုလပ်စ် ခရုစ်ဟာ ရိုင်ဖယ်ကို အသုံးပြုပြီး ကျောင်းထဲကို မဝင်ခင် အပြင်မှာ ပစ်ခတ်ခဲ့ရာမှာ လူ ၃ ဦး သေဆုံးသွားသလို နောက်ပိုင်း အထဲဝင်ပြီး ပစ်ခတ်ရာမှာ ၁၂ ဦးသေဆုံးခဲ့တယ်လို့ Broward စီရင်စု ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နောက် ၂ ဦး ကတော့ ဆေးရုံကို အရောက်မှာ သေဆုံးသွားတယ်လို့ဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားအပြီး ၁ နာရီကျော်အကြာမှာ Cruzကို လက်ရ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အစောပိုင်းက သေနတ်သမားကြောင့် ထိခိုက် ဒဏ်ရာရသူတွေ ရှိတယ် ဆိုတဲ့ သတင်းတွေ ရထားသလို၊ သေနတ်သမား လွတ်မြောက်နေဆဲ ဖြစ်လို့ အခင်းဖြစ်ရာ အရပ်ကို မသွားကြဖို့ အများပြည်သူကို သတိပေးထားတယ် လို့လည်း ဆိုပါတယ်။

Image caption ကျောင်းပရိဝဏ်ထဲ လူတချို့ ဆက်လက်ရှိနေ

ရဟတ်ယာဉ်ပေါ်က ရိုက်ထားတဲ့ ဗီဒီယိုတွေ အရ ဒဏ်ရာ ရသူတချို့ကို ကျောင်းဝင်း အပြင်ဘက်မှာ ကုသမှုပေးနေတာတွေ တွေ့ရပါတယ်။

ကျောင်း ပရဝဏ်ထဲ ဆက်လက် ရှိနေဆဲလို့ ယူဆရသူတွေဆီက ရေးတင်တာ တချို့လည်း တွစ်တာ လူမှုကွန်ရက်ပေါ် ရောက်လာပါတယ်။

ဗီရိုထဲ ပုန်းနေရတယ် ဆိုတဲ့ အရေးအသားမျိုး တွေ့ရပြီး ဒါဟာ တကယ်ပဲ ကျောင်း အဆောက်အဦထဲက သူတစ်ဦး ရေးတာလား ဆိုတာကိုတော့ ဘီဘီစီ အနေနဲ့ ဆန်းစစ်နိုင်ခြင်း မရှိသေးပါဘူး။

Image caption အမေရိကန်ကျောင်းတွေ လုံခြု့ရေး အရေးကြီးကျောင်း ထရမ့်ပြော

သမ္မတ ထရမ့်ကလည်း ဒဏ်ရာရသူတွေနဲ့ သက်ဆိုင်ရာ မိသားစု အတွက် စိတ်မကောင်း ဖြစ်ရကြောင်း၊ အမေရိကန် ကျောင်းတွေမှာ ကလေးတွေနဲ့ ဆရာတွေ အပါအဝင် ဘယ်သူမှ မလုံမခြုံ ဖြစ်ရတယ် ဆိုတဲ့ အခြေအနေမျိုး မရှိသင့်ကြောင်း တွစ်တာပေါ် ရေးသားလာပါတယ်။

ဆက်စပ် အကြောင်းအရာများ