အမေရိကန် ရွေးကောက်ပွဲ စွက်ဖက်မှုနဲ့ ရုရှား ၁၃ ဦးကို တရားစွဲ

  • 17 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption တရားစွဲဆိုခံထားရတဲ့ ရက်ဖ်ဂိန်း ပရက်ဂိုးရှင်

ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက် နှောက်ယှက်ခဲ့မှုနဲ့ ရုရှားလူမျိုး ၁၃ ယောက်၊ ရုရှားကုမ္ပဏီ ၃ ခုတို့ကို ရောဘတ်မူလာရဲ့ အထူးစုံစမ်းရေးအဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။

အစွပ်စွဲခံရတဲ့ ရုရှားလူမျိုး ၁၃ ယောက်ဟာ ၂၀၁၆ ခုနှစ် အမေရိကန်ရွေးကောက်ပွဲ မဲဆွယ်ကာလတွေမှာ အမေရိကန်ကို သွားရောက်ခဲ့ကြပြီး အမေရိကန်နိုင်ငံသား ဟန်ဆောင်ခဲ့တယ်လို့ အထူးစုံစမ်းရေးအဖွဲ့ရဲ့တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

သူတို့ဟာ သမ္မတဒေါ်နယ်ထရမ့်အနိုင်ရအောင် ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန် ရှုံးနိမ့်အောင် ကြိုးစားအားထုတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သူတို့ဟာ ရွေးကောက်ပွဲအပေါ် သြဇာလွှမ်းမိုးဖို့ ၂၀၁၄ ခုနှစ်လောက်ကတည်းက စပြီး ပြင်ဆင်လုပ်ဆောင်ခဲ့တယ်လို့ အခုအစီရင်ခံစာက ဖော်ပြထားပါတယ်။

ရုရှားတွေဟာ အင်တာနက်လူမှုကွန်ရက်ပေါ်မှာ အမေရိကန်နိုင်ငံသားဟန်ဆောင်ပြီး သမ္မတလောင်းတွေနဲ့ အမေရိကန်ဒီမိုကရေစီ အပေါ်မှာ လူတွေ အယုံအကြည်မဲ့လာအောင် ပြောဆိုစည်းရုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

အစွပ်စွဲခံရတဲ့ ကုမ္ပဏီ ၃ ခုထဲက တခုက ရုရှားနိုင်ငံ စိန်ပီတာစဘတ် အခြေစိုက် အင်တာနက် သုတေသနလုပ်ငန်းကုမ္ပဏီ တခုဖြစ်ပါတယ်။

အမေရိကန် တရာရေးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယရှေ့နေချုပ် ရော့ဒ် ရိုဆန်စတိုင်းက ရုရှားရဲ့ ရည်ရွယ်ချက်ဟာ ဒီမိုကရေစီအပေါ်မှာ လူထုရဲ့ ယုံကြည်မှု ပျက်ပြားအောင် အဓိကလုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိ အမျိုးသမီး မာရီယာ ဇာခါ ရိုဗာကတော့ အမေရိကန်တို့ရဲ့ အခုစွပ်စွဲချက်ဟာ ပေါကြောင်ကြောင်နိုင်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

ဒီစွဲချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် သမ္မထ ဒေါ်နယ်ထရမ့်ကလည်း ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် မစ္စတာ မူလာရဲ့ ဒီထွက်ဆိုချက်ဟာ အမေရိကန်ရွေးကောက်ပွဲမှာ ရုရှားတို့ စွတ်ဖက်ခဲ့တယ်ဆိုတာ အထင်းသား ပေါ်လွင်နေတယ်လို့ အမေရိကန် အောက်လွှတ်တော်အမတ် ဒီမိုကရက်ပါတီ ခေါင်းဆောင် နန်စီပလိုစီက ပြောဆိုလိုက်ပါတယ်။