ပါကစ္စတန်မှာ သက်ငယ်မုဒိမ်းတရားခံ သေဒဏ်၄ခုကျ

  • 17 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption အခုလို ကျူးလွန်ခဲ့သူဟာ ဒီဒေသတွင်းက တခြား အမျိုးသမီးတွေကိုလည်း စော်ကား သတ်ဖြတ်မှုတွေ ရှိခဲ့

ပါကစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ခြောက်နှစ်အရွယ် အမျိုးသမီးငယ် တဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် အီမရန် အလီကို သေဒဏ် ၄ ခု ချမှတ်လိုက်ပါတယ်။

အီမရန် အလီကို ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု၊ လူသတ်မှုနဲ့ အကြမ်းဖက် ပြုမူမှု တွေနဲ့ သေဒဏ် လေးခု ချမှတ်လိုက်တာ ဖြစ်ပြီး မတော်တလျော် လိင်ဆက်ဆံမှုအတွက် တသက်တကျွန်း ပြစ်ဒဏ်လည်း ပါဝင်သလို ကြီးလေးတဲ့ ဒဏ်ငွေလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။

အဲဒီ အမျိုးသမီးငယ် ဇိန်နက်ဘ် အန်ဆာရီရဲ့ အလောင်းကို လာဟိုမြို့ အနောက်ဘက်မှာ ရှိတဲ့ ကဆောမြို့က အမှိုက်ပုံ တခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ အမျိုးသမီးငယ် နေထိုင်တဲ့ နေရာအနီးမှာပဲ နေထိုင်တဲ့ တရားခံကိုတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ကျမှ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု ထပ်ဖြစ်ပွား

သက်ငယ် မုဒိမ်းမှု ပိုများလာနေ

Image caption ရဲတွေက ကိုယ်တွယ်ပုံကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ နိုင်ငံတလွှား ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ၂ ဦးလည်း သေဆုံးခဲ့

အခုလို မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲတွေက ကိုယ်တွယ်ပုံကို မကျေနပ်တဲ့ ဆန္ဒပြမှုတွေ နိုင်ငံတလွှား ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ၂ ဦးလည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

အခုလို ကျူးလွန်ခဲ့သူဟာ ဒီဒေသတွင်းက တခြား အမျိုးသမီးတွေကိုလည်း စော်ကား သတ်ဖြတ်မှုတွေ ရှိခဲ့တာကို ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးနဲ့တကွ ရဲတွေက ဆက်စပ် တွေ့ရှိခဲ့ပါတယ်။

အီမရန် အလီ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ အနည်းဆုံး တနှစ် ကြာပြီ ဖြစ်တဲ့အတွက် အာဏာပိုင်တွေက တရားခံကို ဒီထက်ပိုပြီး မြန်မြန်ဖမ်းသင့်တယ်ဆိုပြီး ဒေသခံတွေက ဒေါသ ထွက်ခဲ့ကြပါတယ်။

ဒီကလေးငယ် ပျောက်နေတဲ့ အချိန်နဲ့ ပြန်တွေ့တဲ့ အချိန် ကြားကာလမှာလည်း ရဲတွေက အရေးတယူ ဆောင်ရွက်ခြင်း မရှိခဲ့ဘူးလို့ သူ့ရဲ့ မိသားစုဝင်တွေက ဝေဖန်ထားပါတယ်။

မုဒိမ်းသမား အင်တာဗျူးအတွက် ဘီဘီစီကို အိန္ဒိယ ခြိမ်းခြောက်

တရားရုံး ဆုံးဖြတ်ချက် မကျေနပ်လို့ မိုးညှင်းမှာ ဆူပူ

ဓာတ်ပုံ မူပိုင် cctv images
Image caption ဒီကလေးငယ်ကို တရားခံက ခေါ်သွားတဲ့ လုံခြုံရေး ကင်မရာ ရိုက်ချက်ကို ရဲတွေက မဟုတ်ပဲ မိသားစုဝင်တွေက ရှာယူခဲ့ရ

သူ့ရဲ့ တခြား အမှုတွေကို နောက်ပိုင်းမှာ ထပ်ပြီး ရုံးတင် စစ်ဆေးဦးမယ်လို့ အစိုးရ ရှေ့နေ အဒီရှန် ကာဒီယာ ရှားက ရိုက်တာ သတင်းဌာနကို ပြောဆိုထားပါတယ်။

လက်ရှိ ပြစ်ဒဏ်တွေ ချမှတ်မှုမှာတော့ တရားခံဘက်က ဒါဇင်နဲ့ ချီတဲ့ သက်သေတွေ အပြင် ဒီအန်အေ မျိုးဗီဇ သက်သေနဲ့ လိမ်လည်မှု ထုတ်ဖော်စက် ရလဒ်တွေကိုပါ သက်သေ အဖြစ် တင်ပြပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

အီမရန် အလီက ပြစ်မှု ကျူးလွန်ကြောင်း ဝန်ခံအပြီးမှာ သူ့ရဲ့ ရှေ့နေကလည်း လိုက်ပါဆောင်ရွက်မှုကို ရုပ်သိမ်းခဲ့တယ်လို့ ဒေသခံ သတင်းတွေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပါကစ္စတန်က ၆ နှစ်အရွယ် မိန်းကလေး သတ်သူကို မိဖို့ ရဲဆုကြေးငွေထုတ်

တရားခံကို သေဒဏ်ပေးရင် ဒီကလေးငယ်ကို ခေါ်သွားတဲ့ နေရာ လူပုံအလယ်မှာ ပေးသင့်တယ်လို့ ပါကစ္စတန် ပြည်တွင်း လူမှုကွန်ယက် မီဒီယာတွေပေါ်မှာ ပြောဆိုမှုတွေ ရှိပေမယ့် ဒီလိုလုပ်ရင် လူသားဆန်မှုနဲ့ ဥပဒေကို ချိုးဖောက်ရာ ရောက်ပြီး ကျူးလွန်သူနဲ့ တတန်းစားတည်း ဖြစ်သွားမယ်လို့ ပြောသူတွေလည်း ရှိနေပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး နောက်ကွယ်မှု ကျယ်ပြန့်တဲ့ ရာဇဝတ်မှု ကွန်ယက်တွေ ရှိနိုင်တဲ့ အတွက် အခုလို သေဒဏ် မပေးခင်မှာ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆိုမှုတွေလည်း ရှိနေတာကို တွေ့ရပါတယ်။