လူမှုကွန်ရက်ကို ဘယ်လိုအသုံးချခဲ့သလဲ

  • 18 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် AFP/GETTY

ရုရှားလူမျိုး ၁၃ ယောက်နဲ့ ရုရှားကုမ္ပဏီ ၃ ခုတို့ဟာ အမေရိကန်သမ္မတရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုပြီး အမေရိကန် တရားရေးဌာနက တရားစွဲဆိုခဲ့ပါတယ်။

သူတို့ဟာ လူမှုကွန်ရက်နဲ့ အင်တာနက်ကို အသုံးပြုပြီး ရွေးကောက်ပွဲကို လှည့်ဖြား ကစားခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်လောက်ကတည်းက ရုရှားနိုင်ငံက စိန့်ပီတာ စဘတ်မြို့က ရုရှား အင်တာနက် သုတေသအေဂျင်စီ အိုင်အာရ်အေ လို့ခေါ်တဲ့ ကုမ္ပဏီဟာ အမေရိကန်နိုင်ငံရေး အတွက် ကြိုးကြိုးစားစား သုတေသနလုပ်ငန်းတွေ စလုပ်ခဲ့ပါတယ်။

အမေရိကန် ရှေ့နေတွေရဲ့ အဆိုအရ အဲဒီကုမ္ပဏီဟာ တကယ့် အမေရိကန်စစ်စစ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ခိုးယူစုဆောင်းခဲ့တယ်လို့ ဆိုပါတယ်။

လူမှုကွန်ရက်မှာ အမေရိကန်တွေ ဘယ်လိုပြောဆိုပြုမူကြသလဲဆိုတာကိုလည်း လေ့လာခဲ့ပါတယ်။ အဲဒီအေဂျင်စီရဲ့ အဖွဲ့ဝင်နှစ်ယောက်က အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်ကိုးခုကို ကိုယ်တိုင်သွားရောက်ပြီး ထောက်လှမ်းရေးဆိုင်ရာ သတင်းအချက်အလက်တွေ စုဆောင်းခဲ့ပါတယ်။

အဲသလို စုဆောင်းပြီးတဲ့နောက်မှာ ဒီမိုကရက်နဲ့ ရီပတ်ဘလစ်ကင်တို့ မဲအရေအတွက် မပြတ်မသားရှိကြမယ့် ခရမ်းရောင်ပြည်နယ်တွေကို ဦးတည်လှုပ်ရှားကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲသလို လုပ်ငန်းကို ဆောင်ရွက်ဖို့ အတွက် အိုင်အာအေဟာ အမေရိကန် ဒေါ်လာ ၁ သန်းကျော်သုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီငွေတွေကိုတော့ တွတ်တာနဲ့ ဖေ့စ်ဘုတ်တွေမှာ သူတို့ပို့စ်တွေကို လူဖတ်များအောင် ပရိုမိုးရှင်းလုပ်ဖို့ အတွက် သုံးခဲ့ကြတယ်လို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ် မေလတုန်းက တင်ခဲ့တဲ့ ပို့စ်တခုက ဟီလာရီကလင်တန်ဟာ လူမည်းတွေရဲ့ မဲရဖို့ မထိုက်တန်ဖူးလို့ ရေးသားခဲ့ပါတယ်။

အဲဒီနောက် တလအကြာမှာရေးတဲ့ပို့စ်တခုကတော့ ထရမ့်သာ ငါတို့ရဲ့ တခုတည်းသော မျှော်လင့်ချက်လို့ရေးခဲ့ပါတယ်။

အဲဒီပို့စ်တွေကို ရေးသားတဲ့ရည်ရွယ်ချက်ကတော့ လူမှုကွန်ရက်အပေါ်မှာ သဘောထား ကွဲလွဲမှုတွေနဲ့ ဒေါသတွေ ပွားများလာအောင် လှုံ့ဆော်ဖို့ပါပဲလို့ ဆိုပါတယ်။ တချို့လူတွေရဲ့ မဲကိုတော့ သဘောထားပြောင်းလဲသွားအောင် ကြိုးစားခဲ့သလို တချို့လူတွေကိုတော့ မဲလုံးဝ မပေးအောင် ဆွဲဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အင်စတဂရမ် အကောင့်တခုဖြစ်တဲ့ နိုးကြားနေသော လူမည်းများဆိုတဲ့ အကောင့်ဟာ အိုင်အာအေရဲ့ အကောင့်လို့လည်း အမေရိကန် ရှေ့နေတွေက စွပ်စွဲပါတယ်။

အဲသလို လှုံ့ဆော်မှုတွေ လုပ်ပြီးနောက်မှာတော့ အင်တာနက်ကနေ လမ်းပေါ်လူတွေ ထွက်လာတဲ့ အဆင့်ရောက်အောင်လုပ်ဖို့ဟာ သိပ်မခက်တော့ပါဘူးလို့လည်း ဆိုပါတယ်။

ရုရှားကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်ဟာ ပေါကြောင်ကြောင် နိုင်တယ်လို့ ဆိုပါတယ်။