ထိုင်း အငှားကိုယ်ဝန်သည်နဲ့ရတဲ့ ကလေးတွေကို ဂျပန်ဖခင် အုပ်ထိန်းပိုင်ခွင့်ရ

  • 20 ဖေဖော်ဝါရီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ၂၀၁၄ခုနှစ်တုန်းက မစ္စတာ ရှီဂီတာရဲ့ တိုက်ခန်းမှာ ကလေးငယ်တွေ၊ ကလေးထိန်းတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို ရဲတွေ ရှာတွေ့

ထိုင်းနိုင်ငံမှာ အငှားကိုယ်ဝန် ဆောင်သူ ထိုင်းအမျိုးသမီးတွေနဲ့ မွေးလာတဲ့ ကလေး၃ဦးကို သူတို့ရဲ့ ဖခင် ဂျပန်လူမျိုး တဦးက တဦးတည်း အုပ်ထိန်းပိုင်ခွင့် ရသွားပါတယ်။

နည်းပညာ ဘီလျံနာ သူဌေးကြီး တဦးရဲ့ သားဖြစ်သူ မစ်ဆူတိုကီ ရှီဂီတာ ဟာ ကလေးအားလုံးကို အုပ်ထိန်းဖို့ ဝင်ငွေ အလုံအလောက် အများအပြား ရှိတယ် ဆိုပြီး ဘန်ကောက် တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းအမျိုးသမီးတွေကို နိုင်ငံခြားသားတွေက အခကြေးငွေပေးပြီး အငှားကိုယ်ဝန် ဆောင်ခိုင်းတဲ့ စီးပွားရေး လုပ်ငန်းကြီးအကြောင်း ပေါက်ကြား ပေါ်ထွက်လာခဲ့အပြီး လွန်ခဲ့တဲ့ ၃နှစ်ခွဲလောက်က အဲဒီ ကလေးတွေကို ထိုင်းအစိုးရက ထိန်းသိမ်း စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

မစ္စတာ ရှီဂီတာက သူဟာ သားသမီး များများ လိုချင်တာသာ ဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

၂၀၁၄ခုနှစ်တုန်းက မစ္စတာ ရှီဂီတာဟာ ထိုင်းနိုင်ငံမှာ ကလေး ၁၆ယောက်ကို အငှားကိုယ်ဝန်သည်တွေနဲ့ မွေးခဲ့တယ် ဆိုတဲ့ အကြောင်း ပေါ်ထွက် လာခဲ့အပြီး လူမှောင်ခို တားဆီးရေး နိုင်ငံတကာ ရဲအဖွဲ့က သူ့ကို စစ်ဆေး မေးမြန်းခဲ့ပါတယ်။

ဘန်ကောက်မြို့က သူ့တိုက်ခန်းကို ရဲတွေ ဝင်ရောက် ရှာဖွေခဲ့ရာမှာ အငှား ကိုယ်ဝန်သည်နဲ့ မွေးထားတဲ့ ကလေး ၉ဦး၊ ကလေးထိန်းတွေနဲ့ ကိုယ်ဝန်သည် တဦးကို တွေ့ခဲ့ပါတယ်။

အဲဒီနောက် ချက်ချင်းဆိုသလို မစ္စတာ ရှီဂီတာ ထိုင်းနိုင်ငံကနေ ထွက်ခွာသွား ခဲ့ပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ ကလေးတွေကို အုပ်ထိန်းခွင့် ရဖို့ ထိုင်း လူမှု ဖွံ့ဖြိုးရေး နဲ့ လူသား လုံခြုံရေး ဝန်ကြီးဌာနတွေကို တရားစွဲခဲ့ပါတယ်။

DNA မျိုးဗီဇ စမ်းသပ်မှုအရ မစ္စတာ ရှီဂီတာ ဟာ အနည်းဆုံး ကလေး ၁၆ယောက်ရဲ့ ဖခင် ဖြစ်တယ် ဆိုတာ တွေ့ရပါတယ်။

၂၀၁၅ခုနှစ်တုံးက အဲဒီ ကလေးတွေထဲက ၃ဦးကို မစ္စတာ ရှီဂီတာက အုပ်ထိန်းပိုင်ခွင့် ရခဲ့ပါတယ်။

အခကြေးငွေ ယူပြီး အငှားကိုယ်ဝန် ဆောင်တာကို ထိုင်းနိုင်ငံမှာ ၂၀၁၅ခုနှစ်က တားမြစ် ပိတ်ပင်ခဲ့ပြီး ၂၀၁၆ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံမှာ ပိတ်ပင်ခဲ့ပါတယ်။

အခုအခါ အခကြေးငွေ ယူပြီး အငှား ကိုယ်ဝန်ဆောင်တဲ့ လုပ်ငန်းဟာ လာအိုနိုင်ငံ ဘက်ဆီ ပြောင်းလာနေတဲ့ ပုံ တွေ့ရပါတယ်။

ဆက်စပ် အကြောင်းအရာများ