တာလီဘန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ အာဖဂန်အစိုးရ ကမ်းလှမ်းပြီ

  • 1 မတ် 2018
ဓာတ်ပုံ မူပိုင် EPA
Image caption တာလီဘန်တပ်ဖွဲ့ဝင်တွေ

တိုက်ပွဲပြင်းထန်နေစဉ်ကာလအတွင်း တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အာဖဂန်သမ္မတ အာရှရပ်ဂါနီက ကမ်းလှမ်းလိုက်ပါတယ်။

ကမ်းလှမ်းချက်တွေထဲမှာ တာလီဘန်အကျဉ်းသားတွေ လွတ်ပေးဖို့နဲ့ အပစ်ရပ်စဲရေး ကြေညာပေးဖို့ပါသလို တာလီဘန်တွေအနေနဲ့ အာဖဂန် လက်ရှိ အစိုးရကို အသိအမှတ်ပြုဖို့နဲ့ ဥပဒေ လေးစားဖို့ ဆိုတာ ပါပါတယ်။

နိုင်ငံရေးအရ တရားဝင် အသိအမှတ်ပြုမယ်ဆိုတဲ့ ကမ်းလှမ်းမှုပါ အာဖဂန် သမ္မတ ဂါနီက ကမ်းလှမ်းထားတယ်။

တာလီဘန်တွေဘက်ကတော့ ဒီကိစ္စအပေါ် ဆုံးဖြတ်ချက် မချရသေးပါဘူး။

လွန်ခဲ့တဲ့အပတ်ကတော့ တာလီဘန်တွေက အမေရိကန်နဲ့ တိုက်ရိုက်ညှိနှိုင်းဆွေးနွေးလိုကြောင်း ပြောခဲ့တယ်။

ပြီးခဲ့တဲ့ ကာလတွေတုန်းကတော့ တာလီဘန်တွေဘက်က အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုသာ တောက်လျှောက်တောင်းဆိုခဲ့ပြီး အရင် ဆွေးနွေးပွဲတွေကျင်းပဖို့ အာဖဂန်ဘက်က ကမ်းလှမ်းခဲ့စဉ်မှာလည်း တာလီဘန်တွေအနေနဲ့ တိုက်ခိုက်မှုကို မရပ်စဲခဲ့ပါဘူး။

သမ္မတ မစ္စတာဂါနီကတော့ တာလီဘန်တွေကို နိုင်ငံတကာက တရားမဝင်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားမှုကနေ ဖြစ်နိုင်ရင် ပ ယ်ဖျက်ပေးဖို့ ကြိုးစားပေးသွားမဲ့အကြောင်း မျှော်လင့်ချက်ပေးထားခဲ့ပြီး သူတို့ရဲ့ တရားဝင်ရုံးကို မြို့တော် ကဘူးလ် ဒါမှမဟုတ် အခြားနေရာမှ ဖွင့်ခွင့်ပေးဖို့လည်း ကမ်းလှမ်းခဲ့ပါတယ်။ တာလီဘန်တွေကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေထဲ ပါဝင်နိုင်ဖို့အတွက် မျှော်လင့်ထားတဲ့အကြောင်းလည်း ၂၅ နိုင်ငံက သံတမန်တွေနဲ့ တွေ့ဆုံတုန်း သမ္မတ ဂါနီက ပြောခဲ့ပါတယ်။

တာလီဘန်တွေကို နိုင်ငံရေးပါတီအဖြစ် အသိအမှတ်ပြုပြီး ယုံကြည်မှု တည်ဆောက်ရေးက စတင်သင့်နေပြီဖြစ်သလို အပစ်ရပ်စဲရေးကိုလည်း ပြုလုပ်သင့်နေပါပြီလို့ သမ္မတ ဂါနီက ဆိုပါတယ်။

သမ္မတ ဂါနီအနေနဲ့ အခုလိုပြောပေမဲ့ အာဖဂန်မှာရှိနေတဲ့ နိုင်ငံတကာတပ်တွေ ဘယ်အချိန်မှာ ပြန်လည်ဆုတ်ခွာမလဲဆိုတဲ့ကိစ္စကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ၂၀ဝ၁ ခုနစ်နောက်ပိုင်းကစလို့ တာလီဘန်တွေအနေနဲ့ အထိအခိုက်အကျအဆုံး အမြောက်အမြားရှိခဲ့ပြီး နိုင်ငံတကာရဲ့ ဖိအားအောက်မှာ ရှိနေခဲ့ပေမဲ့ နောက်ပိုင်းနှစ်တွေမှာတော့ အင်အားပြန်ကောင်းလာခဲ့ပြီး ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေလည်း များလာခဲ့တာပါ။

အခုနောက်ပိုင်း တိုက်ပွဲတွေအတွင်း အာဖဂန်အစိုးရတပ်ဖွဲ့ဝင်တွေဘက်ကလည်း သေကြေဒဏ်ရာရရှိမှုတွေများလာခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ