ဆိုက်ဘေးရီးယား ဝက်ဝံကြီးဒဏ် ဥရောပနိုင်ငံတွေ ခံနေရ

  • 1 မတ် 2018
Image caption လန်ဒန်က စိန့်ပေါဘုရားကျောင်းနောက်ခံနဲ့ ထောင်စုသစ်တံတား

မတ်လ ၁ ရက်နေ့ဟာ တရားဝင် ရာသီဥတု သတ်မှတ်ချက် အရတော့ ဥရောပ နွေဦးရာသီရဲ့ ပထမနေ့ ဖြစ်ပါတယ်။

ဒါပေမယ့် ဥရောပတိုက် နေရာ တော်တော်များများမှာ ဆီးနှင်းတွေ ပြင်းပြင်းထန်ထန် ဆက်လက် ကျဆင်း နေပါတယ်။

ဆိုက်ဘေးရီး ရာသီဥတုလို့ ခေါ်တဲ့ ယူရေးရှား ဒေသ အနောက်မြောက်ပိုင်းက လေအေးတွေ ဥရောပ နိုင်ငံတွေထဲ ဝင်ရောက်လာတဲ့ ဒဏ်ကို ဆိုးဆိုးရွားရွား ခံနေရတာ ဖြစ်ပြီး တချို့ နေရာတွေမှာ ရေခဲမှတ်အောက် စံချိန်တင်အောင် ကျဆင်း နေပါတယ်။

Image caption ရထားလမ်း ကားလမ်းတွေ နှင်ကြောင့် ပိတ်ဆို့

ဒီ ရာသီ ဥတု အခြေအနေကို ဥရောပ နိုင်ငံတွေက နာမည် အမျိုးမျိုးတပ် ခေါ် နေတာမှာ ဗြိတိန်မှာ ဆိုရင် အရှေ့အရပ်က လာတဲ့ သားရဲကြီးလို့ ပြောဆို နေပါတယ်။

ဒတ်ချ်တွေကတော့ ဆိုက်ဘေးရီးယား ဝက်ဝံကြီး လို့ ရည်ညွှန်း ခေါ်ဆို နေပါတယ်။

လန်ဒန်မှာ နှင်းတွေ သိပ်သိပ်သည်းသည်း ကျပြီး အအေးဓာတ် ပြင်းထန်နေလို့ ဘတ်စ်ကားနဲ့ ရထားတွေလို အများပြည်သူ ပို့ဆောင်ရေး စနစ်တွေကို အနှောင့်အယှက် ဖြစ်စေပြီး၊ လူတွေ အလုပ်သွား အလုပ်လာ အင်မတန်မှ ဒုက္ခရောက် ခဲ့ရပါတယ်။

ဘရိုင်ယန် မုန်တိုင်း ယူကေကို ၀င်ရောက်

Image caption အမ်မာ မုန်တိုင်း ဝင်လာရင် အခြေအနေ ပိုဆိုးမယ်

စကော့တလန်တို့ ဝေလ ပြည်နယ်တို့မှာ ဆိုရင် အခြေအနေက လန်ဒန်ထက် ပိုဆိုးပါတယ်။

စကော့တလန်က ကားလမ်းမကြီးတခုမှာ နှင်းတွေကျပြီး ကားလမ်းပိတ်သွားလို့ လူ ၃ဝဝ ဝန်းကျင် လမ်းခုလတ်တင် သောင်တင် ပိတ်မိနေပါတယ်။

မကြာခင်မှာ အမ်မာ မုန်တိုင်း ကလည်း ယူကေ ကို ဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် အခုဖြစ်နေတဲ့ နှင်းမုန်တိုင်းနဲ့ အမ်မာ မုန်တိုင်းတို့ နှစ်ခုပေါင်းဒဏ်ကို ခံရနိုင်တဲ့ အင်္ဂလန် အနောက်တောင်ပိုင်းနဲ့ ဝေလပြည်နယ်တို့မှာ ရာသီဥတုကြောင့် အသက်အန္တရာယ် ရှိနိုင်တယ်ဆိုပြီး အနီရောင်အဆင့် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ