အမျိုးသမီးသတင်းထောက်ကို လွှတ်တော်အကြီးအကဲက လိင်ပိုင်းနှောင့်ယှက်

  • 7 မတ် 2018
Image caption မဖွယ်မရာလုပ်မှု ခံရတယ်လို့ ဘီဘီစီသတင်းထောက် လူသိရှင်ကြားထုတ်ဖော်ပြောဆိုထား

ဝါရင့် ရုရှား နိုင်ငံရေးသမားတဦးဖြစ်တဲ့ Leonid Slutsky ဟာ ဘီဘီစီ အမျိုးသမီးသတင်းထောက်တဦးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေလုပ်ခဲ့တယ်ဆိုပြီး အမျိုးသမီး သတင်းထောက်က စွပ်စွဲလိုက်ပါတယ်။

ဘီဘီစီ ရုရှားသတင်းဌာနရဲ့ အမျိုးသမီးသတင်းထောက်ဖြစ်တဲ့ ဖရီဒါ ရက်စဒါမိုဗာက အဲဒီလွှတ်တော်အမတ်ဖြစ်သူဟာ မသင့်လျော်တဲ့ အမူအကျင့်ရှိသူလို့ စွပ်စွဲလိုက်တာပါ။

ရုရှားနိုင်ငံရေးသမားနဲ့ လွှတ်တော်အမတ်ဖြစ်သူ လီယိုနစ် စလပ်စကီကို လူသိရှင်ကြား စွပ်စွဲတဲ့ ဖရီဒါဟာ အဲဒီလွှတ်တော်အမတ်ကို စွပ်စွဲတဲ့ တတိယမြောက် သတင်းထောက် ဖြစ်လာခဲ့ပါတယ်။

ဒူးမားလွှတ်တော်ရဲ့ ဒုတိယ အကြီးဆုံးဖြစ်သူ လီယိုနစ်က ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပြီး စွပ်စွဲသူတွေကို အသရေဖျက်မှုနဲ့ တရားစွဲဆိုမယ်လို့လည်း ပြန်လည်ခြိမ်းခြောက်လိုက်ပါတယ်။

လိင်ပိုင်းမဖွယ်မရာပြုမှုဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ပတ်သက်ရင် ရုရှားနိုင်ငံဟာ အမေရိကန်နဲ့ တခြား အနောက် ဥရောပနိုင်ငံတွေလို အလေးထားအရေးယူမှု မရှိဘူးဆိုပြီး အများက ရှုမြင်ခံရတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ အထူးသဖြင့် ရာထူးမြင့်တဲ့သူတွေနဲ့ ပတ်သက်တဲ့ မကောင်းသတင်း ကောလဟာလတွေ ထွက်လာချိန်မျိုးမှာ အရေးယူ ဆောင်ရွက်စစ်ဆေးမှုမျိုး နည်းပါးလှတာပါ။

မဖွယ်မရာပြုမှုခံရတယ်ဆိုတဲ့ ဘီဘီစီရုရှားသတင်းထောက်ဟာ အဲဒီမဖွယ်မရာလုပ်ခဲ့မှုကို အသံသွင်းမှတ်တမ်းယူထားခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ တနှစ်က ဖြစ်ပွားခဲ့တာပါ။

၂၀၁၇ ခုနစ် မတ်လတုန်းက ရပ်စတာမိုဗာဟာ ပါလီမန်မှာရှိတဲ့ လီယိုနစ်ရဲ့ ရုံးခန်းကို သွားရောက်ခဲ့ပြီး ပြင်သစ်ရွေးကောက်ပွဲဝင် သမ္မတလောင်း လီပန်ရုရှားကို လာရောက်မဲ့ကိစ္စအပေါ် သူ့ရဲ့ ထင်မြင်ချက်ကို တောင်းခံခဲ့ပါတယ်။

မေးမြန်းပြောဆိုနေစဉ်မှာ မစ္စတာ လီယိုနစ်က ဘီဘီစီ သတင်းထောက် ဖရီဒါ အနေနဲ့ အလုပ်ထွက်ပြီး သူ့ဆီမှာ အလုပ်လာလုပ်မလားဆိုကာ ကမ်းလှမ်းခဲ့ပါတယ်။

ဖရီဒါဟာ သူ့ရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်ချိန်မှာ သူ့အနေနဲ့ နာကျင်မှုတွေ ဖြစ်ရတယ်လို့ မစ္စတာ လီယိုနစ်က ပြောဆိုခဲ့ပါတယ်။

အသံမှတ်တမ်းတွေထဲမှာတော့ သူမဟာ ချစ်သူရည်းစားရှိနေပြီးဖြစ်တဲ့အတွက် သူမရဲ့ ချစ်သူနဲ့ လက်ထပ်ဖို့ ရည်မှန်းထားတဲ့အကြောင်း ပြောဆိုထားတာ တွေ့ရပါတယ်။

ဒီသတင်းဟာ ဟိုးလေးတကျော်ဖြစ်လာခဲ့ပြီးနောက်မှာတော့ မစ္စတာ လီယိုနစ်ဟာ အဲဒီကိစ္စကို မဟုတ်မှန်ကြောင်းငြင်းပယ်ခဲ့ပါတယ်။

ဆက်စပ် အကြောင်းအရာများ