ကင်နဲ့တွေ့ဆုံဖို့ အခြေအနေတိုးတက်လာလို့ ထရမ့်ပြော

  • 10 မတ် 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားကင်းစင်ရေး ခိုင်မာတဲ့ လုပ်ဆောင်ချက်ပြဖို့ အိမ်ဖြူတော်က ပြော

သမ္မတ ထရမ့်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တွေ့ဆုံမယ်လို့ ထုတ်ဖော်ပြောဆိုပြီး တရက်အကြာမှာပဲ တွေ့ဆုံဖို့အတွက် အခြေအနေတိုးတက်လာနေပြီလို့ ပြောလိုက်ပါတယ်။

ဒီတွေ့ဆုံမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်ကတော့ အခုချိန်ထိ ကြေညာချက်မထုတ်သေးပါဘူး။

အိမ်ဖြူတော်ကတော့ နျူကလီးယား အဆုံးသတ်မဲ့ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ မပြမချင်း ဒီတွေ့ဆုံမှု ကဖြစ်လာမှာမဟုတ်ဘူးလို့ အစောပိုင်းမှာ ပြောဆိုထားပါတယ်။

အမေရိကန်သတင်းမီဒီယာတွေကတော့ မစ္စတာထရမ့်ဟာ ဒီဆုံးဖြတ်ချက်ကို အုပ်ချုပ်ရေးပိုင်းက အဓိကကျတဲ့သူတွေနဲ့တိုင်ပင်တာမျိုးမလုပ်ဘဲ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တေလာဆင်ကတော့ ''ဒီဆုံးဖြတ်ချက်ဟာ သမ္မတ ကိုယ်တိုင်ချခဲ့တဲ့ဆုံးဖြတ်ချက်ပဲဖြစ်တယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မနက်အစောပိုင်းက သမ္မတထရမ့်နဲ့ပြောဆိုဆွေးနွေးခဲ့ပြီး အခြေအနေကောင်းတယ်'' လို့ သတင်းထောက်တွေကိုပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံမယ့် နေရာနဲ့ အချိန်ကို အတိအကျ မသတ်မှတ်ရသေးဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ