နိုင်ငံရေးအကျဉ်းသားအဖွဲ့နဲ့ လူ့အခွင့်အရေး ကော်မရှင်တွေ့ဆုံ

  • 10 မတ် 2018
ဓာတ်ပုံ မူပိုင် AAPP Burma
Image caption နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့ရဲ့ အသိပညာပေးမှု အခမ်းအနား

အကျဉ်းထောင်ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ အေအေပီပီခေါ် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့က မတ်လ ၈ရက်နဲ့ ၉ရက်တို့မှာ နေပြည်တော်မှာ လူ့အခွင့်အရေးကော်မရှင်နဲ့ တွေ့ဆုံပြီး အစည်းအဝေး လုပ်ခဲ့ပါတယ်။

အခုလက်ရှိ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ ပြဌာန်းထားတဲ့ ဥပဒေဟာ ကိုလိုနီအစိုးရလက်ထက် ၁၈၉၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီး အခုဆိုရင် ဒီဥပဒေဟာ နှစ်ပေါင်းတရာကျော် ရှိနေပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒီဥပဒေမှာ ပါဝင်တဲ့ အချက်တွေဟာ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ဥပဒေတွေဖြစ်တယ်လို့ နေပြည်တော်မှာ သွားရောက် ဆွေးနွေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း အေအေပီပီက အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

အရင်အစိုးရလက်ထက်က အကျဉ်းထောင်ဥပဒေကို ပြည်ထဲရေးဝန်ကြီး ဌာနက ပြုပြင်ပြောင်းလဲဖို့ မူကြမ်းတခု တင်သွင်းခဲ့ပေမယ့် အတည်မပြုနိုင်ခဲ့ပါဘူး။

အခုထပ်ပြီး ဥပဒေကြမ်း တင်မယ်ဆိုရင် ပါသင့် ပြင်သင့်တဲ့ အချက်တွေကို ထည့်သွင်းရေးဆွဲဖို့ ဆွေးနွေးခဲ့တယ်လို့ ဦးတိတ်နိုင်က ဆိုပါတယ်။

အစိုးရလက်ထက် အဆက်ဆက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ များပြားတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေဟာ နောက်ပိုင်းမှာတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့ အဖွဲ့တွေကြောင့် အရင်ကထက် အနည်းငယ် တိုးတက်မှုတွေရှိလာခဲ့ပါတယ်။

ဒီဥပဒေကြမ်းကို မပြင်ဆင်နိုင်ခင် ဒီလို အကျဉ်းထောင်ကို ပြစ်ဒဏ်ပေးတဲ့ အနေအထားကနေ စာရိတ္တပြုပြင်ပြောင်းလဲနိုင်တဲ့နေရာဖြစ်အောင် ဖြစ်ဖို့ စောင့်ကြည့်သွားနိုင်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဦးတိတ်နိုင်က ဆိုပါတယ်။

အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲမှုတချို့ ပြုလုပ်လာပြီဆိုပေမယ့် မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တချို့နဲ့ ရဲဘက်စခန်းတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာသူတွေက ပြောဆိုနေကြပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ