အသက် ၂၀ ခန္ဓာကိုယ်နဲ့ အသက် ၈၀ ကျော်အဖိုးကြီးများ

  • 10 မတ် 2018
Image caption အသက် ၈၂ နှစ်အရွယ်မှာ အသက် ၂၀ အရွယ် လူငယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပိုင်ဆိုင်ထားသူ ပါမောက္ခလာဇရု

လေ့ကျင့်ခန်းအများအပြားလုပ်တာဟာ လူ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ကျဆင်းတာကို အကာကွယ်ပေးနိုင်တဲ့အတွက် ရောဂါဖြစ်ပွားမှုတွေကို သက်သာစေနိုင်တယ်လို့ လန်ဒန် King's College က သိပ္ပံပညာရှင်တွေက ပြောလိုက်ပါတယ်။

လန်ဒန် King's College က ဦးဆောင်လုပ်ခဲ့တဲ့ အဲဒီသုတေသနမှာ သူတို့ဟာ ခရီးရှည်စီးနင်းလေ့ရှိကြတဲ့ စက်ဘီးသမား ၁၂၅ ယောက်ကို သုတေသနလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအထဲက တချို့ဟာ အသက် ၈၀ ကျော်တွေဖြစ်ကြပါတယ်။ သူတို့ရဲ့ ကိုယ်ခန္ဓာ ခုခံအားစနစ်ကို စစ်ဆေးစမ်းသပ်ကြည့်လိုက်တဲ့အခါ သူတို့ဟာ အသက် ၂၀ အရွယ်လူငယ် တယောက်ရဲ့ ခန္ဓာကိုယ် ခုခံအားအခြေအနေမျိုးဖြစ်နေတာကိုတွေ့ခဲ့ကြရပါတယ်။

အသက် ၈၂ နှစ်အရွယ် စက်ဘီးသမားတယောက်ဖြစ်တဲ့ ဘရိုင်ဒန် မက်တ်ကင်စ်က သူ့ကို ဆရာဝန်ကစမ်းသပ်တွေ့ရှိခဲ့တဲ့အချက်ကို အခုလိုပြန်ပြောပြပါတယ်။

"ဆေးသိပ္ပံလေ့လာစမ်းသပ်မှုမှာ ပထမဆုံးတွေ့ခဲ့ရတဲ့ ရလဒ်တချို့အရ ကျုပ်ရဲ့ ခန္ဓာကိုယ် အဆီတွေဟာ အသက် ၁၉ နှစ်အရွယ် လူငယ်တယောက်နဲ့ နှိုင်းယှဉ်တူညီ နေတယ်လို့ ဆေးသိပ္ပံပညာရှင်တွေက ပြောကြပါတယ်"

"လေ့ကျင့်ခန်းကို အများအပြားလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ်၊ စိတ်၊ ကြွက်သား၊ ခုခံအားစနစ်တို့ကို အကျိုးရှိစေနိုင်တာမို့ အကျိုးကျေးဇူးတွေက များလှပါတယ်"လို့ လည်း အခု သုတေသနစာတမ်းကို ရေးသားခဲ့သူတွေထဲက တယောက်ဖြစ်တဲ့ အသက် ၈ ၂ နှစ်အရွယ် ပါမောက္ခ နော်မန် လာဇရုက ပြောပါတယ်။

လေ့ကျင့်ခန်းဟာ အဲသလောက် အကျိုးများလှပေမယ့် လူတိုင်းက လုပ်ဆောင်ကြဖို့တော့ နှောင့်နှေးကြပါတယ်။ ဘာ့ကြောင့်ပါလဲ။

တကယ်လို့သာ လေ့ကျင့်ခန်း ဆေးလုံးသာဖြစ်ရင် လူတိုင်းက လေ့ကျင့်ခန်းဆေးလုံးကို သောက်ကြမှာပါပဲလို့ ပါမောက္ခ နော်မန်လာဇရုကပြောပါတယ်။ လေ့ကျင့်ခန်းဟာ အကျိုးများလှပေမယ့် အားစိုက်ထုတ်ရတယ်၊ အပင်ပန်းခံရတယ်၊ အချိန်ပေးရတယ်၊ စတဲ့အချက်တွေကြောင့် လူတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ လေ့ကျင့်ခန်းကို လုပ်ဖို့ရာ ဝန်လေးတတ်ကြပါတယ်။

"သာမန်အားဖြင့် လူ့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ဟာ အသက် ၂၀ အရွယ်ရဲ့ နောက်ပိုင်းမှာ တနှစ်ကို ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း ပုံမှန်ကျဆင်းသွားလေ့ရှိတယ်" လို့ အခုသုတေသနစာတမ်းကို ပူးတွဲရေးသားခဲ့သူ တယောက်ဖြစ်တဲ့ ဘာမင်ဂန်ဆေးတက္ကသိုလ်ရဲ့ ရောင်ရမ်းခြင်းနဲ့ အိုမင်းခြင်းဆိုင်ရာ ဌာနရဲ့ ညွှန်မှူး ပါမောက္ခ ဂျဲနက် လော့ဒ်က ပြောပါတယ်။

"ခုခံအားစနစ်ဟာ လူ့ခန္ဓာကိုယ်ရဲ့ သော့ချက်တခုဖြစ်ပါတယ်။ သူဟာ ရောဂါ ဖြစ်ပွားမှုတွေကို အကာအကွယ်ပေးတဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ကင်ဆာလိုရောဂါမျိုးမဖြစ်ပွားအောင် ကာကွယ်တဲ့နေရာမှာလည်း ကိုယ်ခံအားစနစ်ဟာ အရေးပါပါတယ်။ အခုစက်ဘီးစီးသမားတွေကို လေ့လာကြည့်တဲ့အခါ အသက် ၇၀ ၊ ၈၀ အရွယ်တွေဟာ အသက် ၂၀ အရွယ်လူငယ်တွေရဲ့ ခုခံအားစနစ်မျိုးကို ထိန်းသိမ်းထားနိုင်တာတွေ့ရပါတယ်။ ဒါက ဘာအဓိပ္ပာယ်လဲဆိုတော့ သူတို့ဟာ ရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်နိုင်စွမ်းရှိသလို ကင်ဆာမဖြစ်အောင်လည်း ခုခံနိုင်ကြတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ" လို့ ပါမောက္ခ ဂျဲနက် လော့ဒ်က ပြောပါတယ်။

သုတေသီတွေဟာ ခုခံအားစနစ်နဲ့ ဆက်စပ်တဲ့ သွေးထဲက တီကလာပ်စည်းတွေကို လေ့လာခဲ့ကြတာလို့ ဆိုပါတယ်။ အဲဒီ တီကလာပ်စည်းတွေဟာ ခုခံအားစနစ်ကို အထောက်အကူပြုပါတယ်။ လူ့ရင်ဘတ်မှာရှိတဲ့ သိုင်းမတ်စ် ဂလန်းဒ်ကနေ အဲဒီတီကလာပ်စည်းတွေကို ထုတ်ပေးတာဖြစ်ပြီး အသက်ကြီးလာရင် ကျဆင်းတတ်လေ့ရှိပါတယ်။

ဆက်စပ် အကြောင်းအရာများ