သတင်းသမားတွေကို ကာကွယ်ပေးဖို့ လူ့အခွင့်အရေး ကောင်စီကို ဘီဘီစီပန်ကြား

  • 12 မတ် 2018
Image caption ပါရှန် သတင်းထောက်တွေနဲ့ မိသားစု ၂၀ ကျော် အသက်အန္တရာယ်ခြိမ်းခြောက်ခံရ

အီရန်နိုင်ငံအရေးနဲ့ ပတ်သက်တဲ့ သတင်း တင်ပြမှု တွေကြောင့် ဘီဘီစီ Persian ပါရှန် ဌာနက သတင်းထောက်တွေ အားလုံးကို အီရန် အစိုးရက အပြစ်ပေး နေတယ်လို့ ဘီဘီစီက စွပ်စွဲ ပြောဆိုလိုက်ပါတယ်။

ဘီဘီစီ ပါရှန် သတင်းထောက်တွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ဂျနီဗာမှာ ကျင်းပနေတဲ့ လူ့အခွင့်အရေး ကောင်စီ မှာ ဘီဘီစီက မကြုံစဖူး ထူးခြားတဲ့ မေတ္တာ ရပ်ခံမှု ပြုလုပ်ရင်း ပြောဆိုလိုက်တာဖြစ် ပါတယ်။

ဘီဘီစီ ပါရှန် ဌာနက ဝန်ထမ်းတွေ နဲ့ သူတို့ မိသားစု ဝင်တွေကို အီရန် အစိုးရက အနှောင့် အယှက် ပေးတာတွေ၊ ခေါ်ယူ စစ်ဆေး မေးမြန်း တာအပြင် သူတို့ ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် တာတွေ လုပ်ခဲ့ပါတယ်။

အခု နောက်ဆုံး ပါရှန် ဌာန ဝန်ထမ်းတွေရဲ့ မိသားစုဝင် တွေကို အသက်အန္တရာယ် ခြိမ်းခြောက် တာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဘီဘီစီဟာ ပါရှန် ဘာသာ စကားနဲ့ ရုပ်မြင်သံကြား သတင်း တင်ဆက်မှု တွေကို ၂၀၀၉ ခုနှစ်က လန်ဒန်မြို့ ကနေ စတင် ထုတ်လွှင့် ခဲ့တာ ဖြစ်ပါတယ်။

အီရန် အစိုးရ အနေနဲ့ ပြည်တွင်း သတင်းဌာန တွေကို အမြဲတမ်း ထိန်းချုပ်လေ့ ရှိပြီး ပြည်တွင်း သတင်းဌာန တွေကို နိုင်ငံရပ်ခြား အခြေစိုက်တဲ့ သတင်း ထုတ်လွှင့်မှုတွေ လွှမ်းမိုး လာမှာ ကို အမြဲ စိုးရိမ် ပူပန်လေ့ ရှိပါတယ်။

ဘီဘီစီ ပါရှန် ဌာနရဲ့ ထုတ်လွှင့်မှု တွေ ထဲမှာ အစိုးရ ရဲ့ အစီအစဉ် တွေကို အမြဲတမ်း ဆန်းစစ် လေ့လာတဲ့ သတင်း တင်ဆက် မှုတွေကို အီရန် အစိုးရ ဘက်က မနှစ်မြို့ပါဘူး။

ဒါကြောင့် ဘီဘီစီ ပါရှန် ဌာနမှာ တာဝန် ထမ်းဆောင် ကြတဲ့ ဝန်ထမ်း တွေကို အစိုးရ တာဝန် ရှိသူတွေ က အမြဲ အနှောင့် အယှက် ပေးလေ့ ရှိပြီး အခုဆို ပါရှန် ဌာန ဝန်ထမ်းတွေက အစိုးရ ရဲ့ ဖမ်းဆီး အရေးယူတာ ခံရမှာ စိုးရိမ်လို့ အီရန်ကို မပြန်ရဲ တဲ့ အခြေ အနေ ဖြစ်နေပါတယ်။

အီရန် အစိုးရ ကတော့ ပါရှန်ဌာန က ဝန်ထမ်းတွေကို အနှောင့် အယှက်ပေးတယ်ဆိုတဲ့ ပြောဆိုမှု တွေကို ငြင်းဆို ပါတယ်။

ဘီဘီစီရဲ့ ညွှန်ကြားရေးမှူးချုပ် တိုနီဟော က တော့ ပါရှန်း ဌာန က ဝန်ထမ်းတွေ ရဲ့ အခြေအနေ နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ ကို တိုင်ကြား ရတယ် ဆိုတာ အတော်ကို မကြုံစဖူး အခြေအနေဖြစ်ပြီး ဝန်ထမ်း တွေ လူ့အခွင့်အရေး ချိုးဖောက် ခံရတယ် ဆိုတာ မဖြစ် သင့်ဘူးလို့ ပြောပါတယ်။

သတင်း သမား တွေ ဘေးကင်းကင်း နဲ့ သတင်း ရယူ ခွင့် ရှိဖို့ နိုင်ငံတကာ မိသားစု တွေ နဲ့ ကူညီ ပေး နိုင်မယ်လို့ မျှော် လင့်တယ်လို့လည်း သူက ဆိုပါတယ်။

ဘီဘီစီ ဝန်ထမ်း တွေကို အီရန် အစိုးရတာဝန် ရှိသူတွေ က အနှောင့်အယှက် ပေးနေတာ ကို ရပ်တန့်ဖို့ ကုလသမဂ္ဂ အတွင်း ရေးမှူး ချုပ်က အရင်က ပြောခဲ့ဖူးပါတယ်။

အခု အီရန် အစိုးရ က ဘာတွေ ဆက်ပြီး ဆောင်ရွက် လာမလဲ ဆိုတာ ဆက်လက် စောင့်ကြည့် ရဦးမှာ ဖြစ်ပြီး ပါရှန် ဌာန ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုဝင်တွေရဲ့ အနာဂတ်က မရေမရာ ဖြစ်နေပါတယ်။

ဆက်စပ် အကြောင်းအရာများ