တောင်အာဖရိက သမ္မတဟောင်း တရားစွဲခံရဖို့ ရှိ

  • 17 မတ် 2018
ဓာတ်ပုံ မူပိုင် AFP
Image caption လိမ်လည်မှု၊ ငွေကြေး ခဝါချမှု အပါအဝင် အဂတိ လိုက်စားမှု စွဲချက်တွေနဲ့ သမ္မတဟောင်း ဇူးမား စွပ်စွဲခံထားရ

တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့ လတုန်းက ANC အာဖရိက အမျိုးသား ကွန်ဂရက်စ် အစိုးရပါတီက သမ္မတ ရာထူးကနေ အတင်း နုတ်ထွက်ခိုင်းခံခဲ့ရတဲ့ အသက်၇၅နှစ်အရွယ် သမ္မတဟောင်း Jacob Zuma ဟာ အဂတိလိုက်စားမှု စွဲချက် ၁၆ခုနဲ့ တရား စွဲဆိုခံရဖို့ ရှိပါတယ်။

မစ္စတာ ဇူးမားကတော့ လိမ်လည်မှု၊ ငွေကြေး ခဝါချမှု အပါအ၀င် စွဲချက်တွေကို ငြင်းဆိုထားပါတယ်။

အခု သူ့ကို စွဲဆိုထားတဲ့ စွဲချက်တွေဟာ သူ သမ္မတ မဖြစ်ခင် ၁၉၉၀ ပြည့်လွန်နှောင်းပိုင်းနှစ်တွေတုန်းက ဒေါ်လာ ဘီလျံနဲ့ ချီတဲ့ လက်နက်ရောင်းဝယ်မှုတခုနဲ့ ဆက်နွယ်နေပါတယ်။

မစ္စတာ ဇူးမားဟာ သူသမ္မတ အဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ၉နှစ်တာ ကာလအတွင်း အဂတိလိုက်စားမှု စွဲချက်တွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။

၂၀၁၆ခုနှစ်တုန်း တောင်အာဖရိက အဂတိလိုက်စားမှု တိုက်ဖျက်ရေး စောင့်ကြည့်တဲ့ အဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဘီလျံနာ သူဋ္ဌေးကြီး ဂွပ်ပတား မိသားစုဟာ မစ္စတာ ဇူးမားနဲ့ ရင်းနှီးမှုကို အသုံးချပြီး အစိုးရနဲ့ ကန်ထရိုက်တွေ ရအောင် လုပ်ခဲ့တယ်လို့ စွပ်စွဲ ဖော်ပြထားပါတယ်။

ဂွပ်ပတား မိသားစုနဲ့ မစ္စတာ ဇူးမားကတော့ ဒါကို ငြင်းဆိုခဲ့ပါတယ်။

အဲဒီ တနှစ်တည်းမှာပဲ မစ္စတာ ဇူးမားဟာ သူ့ကိုယ်ပိုင် အိမ်အတွက် သုံးခဲ့တဲ့ အစိုးရငွေတွေကို ပြန်မဆပ်ခဲ့တဲ့အတွက် တောင်အာဖရိက တရားရုံးချုပ်က မစ္စတာ ဇူးမားဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

သူ့အိမ်ကို ပြန်ပြင်ဖို့ ဒေါ်လာ ၂၃သန်း သုံးခဲ့တယ်လို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့က စစ်ဆေး တွေ့ခဲ့ပါတယ်။ အဲဒီတုန်းက ငွေတချို့ကို ပြန်ဆပ်ခဲ့ပါတယ်။

ဇူးမား ရာထူးစွန့်ပြီ

အခုတော့ သမ္မတ မဖြစ်တော့တဲ့အတွက် မစ္စတာ ဇူးမားအနေနဲ့ သူ့ကိုသူ ခုခံ ကာကွယ်ဖို့ အတွက် အစိုးရရဲ့ အရင်းအမြစ်တွေကို သုံးခွင့် ရမှာ မဟုတ်ပါဘူး။

ဒါပေမယ့် မစ္စတာ ဇူးမားဟာ အဆုံးစွန်အထိ မရမက တိုက်ပွဲဝင်လေ့ ရှိသူအဖြစ် အများက သိထားကြတာမို့ ဒီလို ကြီးမားတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့လည်း ပြန်လည် ခုခံမယ့် ပုံမျိုး မျှော်လင့်ရပါတယ်။

ဥပဒေအရ သူ့အနေနဲ့ ဒီစွဲချက်ကို စိန်ခေါ် အယူခံခွင့် ရှိမှာ ဖြစ်တာမို့ တကယ်တန်း ရုံးတင် စစ်ဆေးမှုမျိုး စတင်နိုင်ဖို့ကတော့ နှောင့်နှေး ကြန့်ကြာဖွယ် ရှိပါတယ်။

တကယ်လို့ ရုံးတင် စစ်ဆေးမှု စမယ် ဆိုရင်တောင် အတော်လေး ကြာမြင့်တဲ့ ရုံးတင် စစ်ဆေးမှု ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် အခုလောလောဆယ်မှာတော့ မစ္စတာ ဇူးမားကို တရားစီရင်နိုင်ဖို့ အရင်ကထက် ပို နီးစပ်လာပြီ ဆိုပြီး သူ့ရဲ့ နိုင်ငံရေး ရန်သူတွေ အထူးသဖြင့် အတိုက်အခံတွေက အောင်ပွဲခံနေကြမှာ အမှန်ပဲလို့ ဂျိုဟန်နက်စဘာ့ဂ်မြို့က ဘီဘီစီ သတင်းထောက် Milton Nkosi က သုံးသပ်ထားပါတယ်။

ဆက်စပ် အကြောင်းအရာများ