ရုရှား သံတမန်တွေကို အမေရိကန် နှင်ထုတ်မယ်
ဗြိတိန်မှာ သူလျှိုဟောင်း အဆိပ်ခတ် ခံရမှုနဲ့ ပတ်သကပြီး တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်က သူတို့ဆီက ရုရှား သံတမန် အယောက် ၆၀ ကို တိုင်းပြည်က နှင်ထုတ်ဖို့ သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးလိုက်ပါတယ်။
ဂျာမနီနဲ့ ပြင်သစ်ကလည်း ရုရှား သံတမန်တွေကို တိုင်းပြည်က နှင်ထုတ်ဖို့ ကြေညာထားပါတယ်။
အခြား ဥရောပ နိုင်ငံတွေကလည်း ရုရှား အပေါ် အလားတူ အရေးယူဖို့ ရှိပါတယ်။
ဗြိတိန် နိုင်ငံမှာ ခိုလှုံ နေတဲ့ ရုရှား သူလျှိုဟောင်းနဲ့ သူ့သမီးတို့ ဓာတုအဆိပ်မိခဲ့တာရဲ့ နောက်ကွယ်မှာ ရုရှားပါဝင် ပတ်သက်နိုင်ဖို့ များတယ် ဆိုပြီး ပြီးခဲ့တဲ့ အပတ်က ဥရောပ သမဂ္ဂအဖွဲ့ (EU) ခေါင်းဆောင်တွေ တညီတညွတ်တည်း ပြောဆိုခဲ့ကြပါတယ်။

- ရုရှားသူလျိုကို တိုက်ခိုက်တာ ဘယ်လို အဆိပ်မျိုးလဲ
- ရုရှားက သူလျိုဟောင်းကို အဆိပ်ခတ်ခဲ့သလား
- အပြင်းထန်ဆုံး ဓာတုအဆိပ်ကို ရုရှားက ထုတ်လုပ်
အင်္ဂလန် တောင်ပိုင်း Salisbury မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီ အဆိပ်နဲ့ တိုက်ခိုက်မှုမှာ တစုံတရာ ပါဝင် ပတ်သက်မှု မရှိကြောင်း ရုရှားဘက်ကတော့ ငြင်းဆိုထားပါတယ်။
အခု အမေရိကန်ရဲ့ တန်ပြန် အရေးယူမှုမှာ ဆီရယ်တယ်လ်က ရုရှားကောင်စစ်ဝန်ရုံးကို ပိတ်ဖို့လည်း ပါတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ မတ်လ ၄ ရက်နေ့က ရုရှားဟာ စစ်သုံး ဓာတု လက်နက် တခုကို အသုံးပြုပြီး ဗြိတိန်နိုင်ငံသား ၁ ဦးနဲ့ သူ့ သမီးကို တိုက်ခိုက်ခဲ့တယ်လို့ အတိအကျ ဆိုထားပါတယ်။
မဟာမိတ် ဗြိတိန် နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီ တိုက်ခိုက်မှုဟာ အပြစ်မဲ့သူ အများအပြားကို ခြိမ်းခြောက်စေပြီး ရဲအရာရှိ ၁ ဦး အပါအဝင် လူ ၃ ဦးကို ပြင်းပြင်းထန်ထန် ထိခိုက် စေတယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါဟာ နိုင်ငံတကာ ဥပဒေတွေနဲ့ ဓာတုလက်နက်ဆိုင်ရာ နိုင်ငံတကာ သဘောတူချက်ကို အကြီးအကျယ် ချိုးဖောက်တာလို့လည်း စွပ်စွဲထားပါတယ်။
- ရုရှားကလည်း ဗြိတိန် သံတမန်တွေကို နှင်ထုတ်မယ်
- ရုရှား သူလျှိုဟောင်း အဆိပ်ခတ်ခံရမှု ဗြိတိန် ကို ထောက်ခံကြ
- ရုရှားသံတမန်တွေ ဗြိတိန်က ထွက်သွားဖို့ ထရီဇာမေပြော
အမေရိကန်ရဲ့ သံတမန်ရေး အရေးယူမှုမှာ ဝါရှင်တန်မြို့တော် အခြေစိုက် ရုရှား သံတမန် ကိုယ်စားလှယ် ၄၈ ယောက် ပါဝင်မှာဖြစ်သလို နယူးယောက်မြို့ အခြေစိုက် ရုရှားရဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေည်း ပါဝင်မှာပါ။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ယူကရိန်းကလည်း ဗြိတိန်နဲ့ အီးယူ မဟာမိတ် နိုင်ငံတွေနဲ့ တသားတည်း ဖြစ်ကြောင်း ပြသတဲ့ အနေနဲ့ ဆိုပြီး ရုရှားသံ ၁၃ ဦးကို နှင်ထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သမ္မတ ပီထရိုပိုရိုရှန်ကိုက ကြေညာခဲ့ပါတယ်။
တနင်္လာနေ့ အစာပိုင်းမှာ လတ်ဗီယား၊ လီသူနေးနီးယား၊ အက်စတိုးနီးယား၊ ပိုလန် အစရှိတဲ့ ဥရောပ နိုင်ငံ အများအပြား ကလည်း သူတို့ နိုင်ငံတွေက ရုရှာ သံအမတ်ကြီး တွေကို နိုင်ငံခြားရေးရုံးကို ဆင့်ခေါ် တာတွေ လုပ်ခဲ့ပါတယ်။