ကန်၊သြစတြေးလျနဲ့ ဥရောပက ရုရှားသံတွေ နှင်ထုတ်ခံရ

  • 27 မတ် 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption ရုရှားသံတွေကို နိုင်ငံအသီးသီးက နှင်ထုတ်

ဗြိတိန်မှာ အာရုံကြော ထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက် ခံရမှုအပေါ် စုပေါင်းတုန့်ပြန်တဲ့ အနေနဲ့ အမေရိကန်နဲ့ ဥရောပ တလွှားက နိုင်ငံတွေက ရုရှား သံတမန်တရာကျော်ကို သူတို့ တိုင်းပြည် အသီးသီးကနေ နှင်ထုတ်ခဲ့ကြပါတယ်။

ထောက်လှမ်းရေးလို့ သံသယရှိတဲ့ ရုရှားသံ၀န်ထမ်း အယောက် ခြောက်ဆယ်ကို တိုင်းပြည်တွင်းက နှင်ထုတ်ဖို့ သမ္မတ ထရမ့်က အမိန့်ပေးလိုက်ပြီး ဒါဟာ စစ်အေးခေတ်နောက်ပိုင်း အမေရိကန်က ရုရှား သံတမန် အများဆုံး နှင်ထုတ်မှု ဖြစ်ပါတယ်။

ဒီလုပ်ရပ်နဲ့ ပတ်သက်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဂျိမ်းစ် မက်တစ်စ် ကတော့ သူတို့ဟာ တရားဥပဒေ စိုးမိုးရေးကို ယုံကြည် သလို ၊ ချမှတ်ထားတဲ့ စည်းမျဉ်းဥပဒေတွေကို လိုက်နာဖို့ လိုတယ်ဆိုတာကို မဟာမိတ်တွေဖက်က ညီညီညွတ်ညွတ် အထင်အရှား ရပ်တည်ပြလိုက်တာပါဘဲလို့ ဆိုပါတယ်။

ဒါ့အပြင် သြစတြေးလျ ကလည်း သူတို့ နိုင်ငံက ရုရှား သံ၀န်ထမ်းတွေကို နှင်ထုတ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ ဓါတုလက်နက် သုံး၊ ပထမဆုံး ထိုးစစ်ဆင် တိုက်ခိုက်မှု အဖြစ် အံသြဖွယ် တွေ့ရတာကြောင့် ရုရှား သံနှစ်ယောက်ကို တိုင်းပြည်က ထွက်ခွာဖို့ နှင်ထုတ်ရတာလို့ သြစတြေးလျ ဝန်ကြီးချုပ် Malcolm Turnbull က ပြောပါတယ်။

ရုရှားသူလျှိုဟောင်း Sergei Skripal နဲ့ သမီးဖြစ်သူတို့ကို အာရုံကြောထိခိုက်စေတဲ့ အဆိပ်နဲ့ တိုက်ခိုက်မှုကြောင့် အကြီးအကျယ် နာမကျန်း ဖြစ်လျက်ရှိတယ်လို့ ဗြိတိန်က ဆိုပါတယ်။

ဒီလို သံတမန်တွေ နှင်ထုတ်တာဟာ ရုရှား အနေနဲ့ နိုင်ငံတကာ ဥပဒေကို မထီမဲ့မြင် ဆက်ပြုလို့ မရဘူးဆိုတာ အထင်အရှား ပြလိုက်တာဘဲလို့ ဗြိတိသျှ ဝန်ကြီးချုပ် Theresa May က ပြောပါတယ်။

ရုရှားကတော့ အခုလို သူတို့ သံတမန်အများအပြား နှင်ထုတ်ခံရတာဟာ ရန်လို ရန်စတဲ့ လုပ်ရပ်ဖြစ်ပြီး လက်တုန့်ပြန်လို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ