SS Sagaing အက်စ်အက်စ် စစ်ကိုင်း ကို ပြန်ဆယ်တင်နိုင်

  • 1 ဧပြီ 2018
ဓာတ်ပုံ မူပိုင် SRI LANKA NAVY
Image caption သီရိလင်္ကာ ရေတပ် က ပြန်မဆယ်ခင် သင်္ဘော ကိုယ်ထည်ကို အားကောင်းအောင် ပြန်လုပ်ခဲ့ရ

SS Sagaing အက်စ် အက်စ် စစ်ကိုင်း လို့ မြန်မာ အမည် ကို ယူပေးထားတဲ့ ဗြိတိသျှ ဘုရင့် ရေတပ်မတော်ပိုင် သင်္ဘော ကို သီရိလင်္ကာ ကမ်းရိုးတန်းနားမှာ ပြန်ဆယ်ယူနိုင်ပါပြီ။

အဲဒီ သင်္ဘော က ဒုတိယ ကမ္ဘာစစ် အတွင်းမှာ ဂျပန် လေတပ် ရဲ့ ဗုံးဒဏ်ထိခဲ့တဲ့နောက် ရေထဲမှာ တပိုင်း မြှုပ်ထားခဲ့တာပါ။

အရှည်ပေ ၄၅၀ ကျော်ရှိပြီး အကျယ် ပေ ၆၀ ကျော်ရှိတဲ့ အဲဒီ SS Sagaing ဟာ ခရီးသည် လည်း တင်နိုင်သလို၊ ကုန်စည်တွေလည်း တင်ဖို့ ဆောက်ခဲ့တာပါ။

ဓာတ်ပုံ မူပိုင် SRI LANKA NAVY
Image caption ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန် လေတပ် က တိုက်ခိုက်ခဲ့တဲ့ SS Sagaing

၁၉၄၂ ခုနှစ် အခုလို ဧပြီလထဲမှာ ပဲ သီရိလင်္ကာ က ထရင်ကိုမာလီ ဆိပ်ကမ်းနား မှာ တိုက်ခိုက်ခံရလို့ပျက်စီးခဲ့ရတယ်၊ နောက် နှစ် ၁၉၄၃ မှာတော့ အဲဒီနေရာ က ရေအောက် ၃၅ ပေ အနက်လောက်မှာ သင်္ဘော တပိုင်း ကို နှစ်မြှုတ် လိုက်ခဲ့ကြပါတယ်။

ဂျပန်ရဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် လူအသေ အပျောက်တော့ သိပ်မရှိခဲ့ပါဘူး။ လူတွေ အများစု ကိုအမြန်ပြန်ကယ်၊ ကုန်စည်တွေကို ပြန်ဆယ်နိုင်ခဲ့ကြပါတယ်။

အခုလို သင်္ဘောကို ပြန်ပေါ်လာအောင် မလုပ်နိုင်ခင် အချိန်တုံးက မြှုတ်နေတဲ့ သင်္ဘော ကထွက်နေတဲ့ အစိတ်အပိုင်း ကို အခြား သင်္ဘောတွေ ကပ်နိုင်အောင် ဆိပ်ခံတံတား အဖြစ် အသုံးပြုခဲ့ကြတာပါ။

ဓာတ်ပုံ မူပိုင် SRI LANKA NAVY
Image caption ပြန်ဆယ်နိုင်ဖို့ လပေါင်းများစွာ ကြိုးစားခဲ့ရ

ဒီ သင်္ဘောပျက်ကို ဆယ်တင်ယူဖို့ လပေါင်းများစွာ ကြိုးစားခဲ့ရတာ ဖြစ်ပြီး သီရိလင်္ကာ အရှေ့ပိုင်း ရေတပ်ဌာန က လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၁၇ စက်တင်ဘာလောက်မှာ ပြန်ဆယ်ဖို့ ကြိုးစားတဲ့အနေနဲ့ သင်္ဘော အဓိက ကိုယ်ထည် ကို အားကောင်းလာအောင် လုပ်ဆောင်ခဲ့ရပါသေးတယ်။

ရေငုပ်သမားတွေ က မြှုတ်နေတဲ့ သင်္ဘောဘေးမှာ ထောက်ပိုးနံရံတွေ စိုက်ခဲ့ပြီး အဲဒီ ဘက်က ဧရိယာကို ပိတ်ထားခဲ့ပါတယ်၊ နောက်မှ သင်္ဘောဝမ်းထဲက ရေတွ စုပ်ထုတ်ပြီး သင်္ဘော ရေပေါ်ပြန် ပေါ်လာအောင် လုပ်ခဲ့ကြတာပါ။

၇၅နှစ်ကြာ ရေထဲမြှုပ်နေခဲ့တဲ့ SS Sagaing ကို အခုလို ရေပေါ်ပြန်ဆယ်ယူနိုင်တာဟာ ရေငုပ် အတတ် ပညာနဲ့ သင်္ဘောပြန်လည် ဆယ်ယူတဲ့ နည်းပညာ ပိုင်းမှာ မှတ်တိုင်တခု လို့လည်း သတ်မှတ်ထားကြပါတယ်။

ဆက်စပ် အကြောင်းအရာများ