မြောက်ကိုရီးယားမှာ K-pop နာမည်ကြီးတွေ ဖျော်ဖြေ

  • 1 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြီးခဲ့တဲ့ တောင်ကိုရီးယား ပြုံချမ်း ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ ဦးဆောင် ဖျော်ဖြေခဲ့တဲ့ အနီရောင် ကတ္တီပါ အဖွဲ့

မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့ကို ရောက်ရှိနေတဲ့ တောင်ကိုရီးယား ဂီတအဖွဲ့တွေနဲ့ စီစဉ်သူ အဖွဲ့သား ၂၀ဝ နီးပါးဟာ ဧပြီလ ၁ ရက်နေ့မှာ ဂီတပွဲ လုပ်ခဲ့ပြီး ဒါဟာ ဆယ်နှစ်ကျော် အတွင်း ပထမဆုံး ဖျော်ဖြေမှုလည်း ဖြစ်ပါတယ်။

မတ်လ ၃၁ ရက်နေ့က ရောက်ရှိလာတဲ့ တောင်ကိုရီးယားအဖွဲ့မှာ အမျိုးသမီးအဖွဲ့ အနီရောင် ကတ္တီပါ၊ ဆောဟ်ယွန်း၊ ချိုယောင်ပီး၊ လီစွန်ဟီးနဲ့ ရော့ခ်ဂီတအဖွဲ့ ဝိုင်ဘီ အပါအဝင် အနုပညာရှင် ၁၅၀ ကျော် ပါဝင် လာပါတယ်။

အဲဒီ အနုပညာရှင်တွေဟာ လာမယ့် အင်္ဂါနေ့မှာလည်း မြောက်ကိုရီးယား အနုပညာရှင်တွေနဲ့ ပူးတွဲ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/GETTY IMAGES
Image caption ပြုံချမ်း အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယားက စေလွှတ်ထားတဲ့ အဖွဲ့ဝင် ၁၃၇ ယောက်ပါ ဆမ်ဂျီယွန် သံစုံတီးဝိုင်းနဲ့အတူ ဖျော်ဖြေခဲ့သူ ဆောဟ်ယွန်း

အခုလို ဖျော်ဖြေမယ့် အထဲက အနီရောင် ကတ္တီပါ အဖွဲ့ဟာ ပြီးခဲ့တဲ့ တောင်ကိုရီးယား ပြုံချမ်း ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ ဦးဆောင် ဖျော်ဖြေခဲ့တဲ့ အမျိုးသမီး ငါးဦးပါ အဖွဲ့ဖြစ်ပြီး ၂၀၁၄ မှာ ထွက်ပေါ်လာတဲ့ အဖွဲ့ ဖြစ်သလို အင်စတက် ဂရမ် ပရိသတ် လေးသန်းခွဲ အပါအဝင် လူမှုကွန်ယက် စာမျက်နှာတွေ ပေါ်မှာ အားပေးသူ များပြားတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ဆောဟ်ယွန်းကတော့ ၂၀ဝ၇ မှာ အမျိုးသမီးမျိုးဆက်သစ် အဖွဲ့ရဲ့ အဖွဲ့ဝင် တဦး အနေနဲ့ စတင် နာမည်ကြီးလာသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပြုံချမ်း အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယားက စေလွှတ်ထားတဲ့ အဖွဲ့ဝင် ၁၃၇ ယောက်ပါ ဆမ်ဂျီယွန် သံစုံတီးဝိုင်းနဲ့အတူ ဖျော်ဖြေခဲ့သူလည်း ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
၂၀၁၈ ပြုံးချမ်း ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲစတင်

အသက် ၆၈ နှစ် ရှိပြီဖြစ်တဲ့ အဆိုတော် ချိုယောင်ပီးကတော့ ဂန္တဝင် K-pop အနုပညာရှင် တယောက်လို့ သတ်မှတ်ခံရသူ ဖြစ်ပြီး ၂၀ဝ၅ ခုနှစ်အတွင်းက မြောက်ကိုရီးယားမြို့တော် ပြုံယမ်းမှာရှိတဲ့ ပရိသတ် ၇၀ဝ၀ ရှေ့မှောက် ဖျော်ဖြေခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

၁၉၈၄မှာ စပြီး နာမည်ကျော်လာတဲ့ အသက် ၅၃ နှစ်အရွယ် လီစွန်ဟီးဟာလည်း ၂၀ဝ၃ ခုနှစ်မှာ မြောက်ကိုရီးယားကို သွားရောက်ပြီး ပူးတွဲ ဖျော်ဖြေခဲ့ဖူးသူ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption အသက် ၆၈ နှစ် ရှိပြီဖြစ်တဲ့ အဆိုတော် ချိုယောင်ပီးဟာလည်း ဂန္တဝင် K-pop အနုပညာရှင် တယောက်လို့ သတ်မှတ်ခံရသူ ဖြစ်

လက်ရှိ ဧပြီလထဲမှာပဲ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းနဲ့ ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ထားပြီး မေလကုန်လောက်မှာတော့ အမေရိကန် သမ္မတ ထရမ့်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။

တောင်မြောက် ကိုရီးယား ထိပ်သီး ဆွေးနွေးပွဲတွေကို ၂၀ဝ၀ ပြည့်နှစ်နဲ့ ၂၀ဝ၇ ခုနှစ်မှာ ကျင်းပခဲ့ဖူးပြီး အခု တတိယ အကြိမ်ကိုတော့ ဧပြီလ ၂၇ ရက်နေ့မှာ လုပ်ဖို့ စီစဉ်ထားပြီး အမေရိကန်သမ္မတနဲ့ တွေ့မယ့် ရက်ကိုတော့ မသတ်မှတ်ရ သေးပါဘူး။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းဟာ သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးအဖြစ် တရုတ် သမ္မတ ရှီဂျင်ပင်းနဲ့လည်း ပြီးခဲ့တဲ့ အပတ်က သွားရောက် တွေ့ဆုံခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ကင်ဂျုံအွန်းရဲ့ တရုတ်ပြည်ခရီး

ဧပြီလ ၁ ရက်နေ့မှာပဲ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ နှစ်စဉ် စီစဉ်ထားတဲ့အတိုင်း စစ်ရေး လေ့ကျင့်မှုတွေ လုပ်ခဲ့ပေမယ့် မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲလုပ်မယ့် အခြေအနေကို ထောက်ထားပြီး အရင်ကလောက် ကျယ်ကျယ်ပြန့်ပြန့် မလုပ်တော့ပဲ ရက်ကိုလည်း လျှော့ချထားပါတယ်။

အခုလို စစ်ရေးလေ့ကျင့်မှုတွေဟာ ယခင်က မြောက်ကိုရီးယားကို ဒေါသ ထွက်စေခဲ့ပေမယ့် ဒီတကြိမ်မှာတော့ မြောက်ကိုရီးယားဘက်က ဝေဖန်သံ သိပ်မထွက်ခဲ့ပဲ ခေါင်းဆောင် ကင်ဂျုံအွန်း ကိုယ်တိုင်က ဒီ လေ့ကျင့်မှုကို စီစဉ်ထားတဲ့ အတိုင်း လုပ်ရမှာကို နားလည်တယ်လို့ သူ့ဆီကိုလာတဲ့ တောင်ကိုရီးယား အစိုးရ အရာရှိတွေကို ပြောခဲ့ကြောင်း သတင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်