ပုပ်ရဟန်းမင်း အီစတာမိန့်ခွန်းပြော

  • 1 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption အပယ်ခံ လျှစ်လျူရှုခံ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကိုလည်း လေးစားမှု ပေးကြဖို့လည်း တိုက်တွန်းခဲ့

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကမ္ဘာ့ခေါင်းဆောင်တွေ အနေနဲ့ ဆီးရီးယားက လူအများအပြား သေဆုံးနေရတဲ့ ပဋိပက္ခတွေကို အမြန်ဆုံး အဆုံးသတ်ပေးဖို့ ဗာတီကန်မြို့မှာ ပြောခဲ့တဲ့ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ အီစတာနေ့ မိန့်ခွန်းမှာ ပန်ကြားလိုက်ပါတယ်။

လူသားချင်း စာနာမှုဆိုင်ရာ ဥပဒေတွေကို လိုက်နာပြီး လူသားချင်း ထောက်ထားတဲ့ အကူအညီ လိုသူတွေ ရရှိဖို့ အပါအဝင် အပယ်ခံ လျှစ်လျူရှုခံ ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကိုလည်း လေးစားမှု ပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တောင်နဲ့ မြောက် ကိုရီးယားအရေးနဲ့ ပတ်သက်ပြီးတော့လည်း

'ကိုရီးယားကျွန်းဆွယ်က ဆွေးနွေးမှုတွေကြောင့် သဟဇာတ ဖြစ်တဲ့ ငြိမ်းချမ်းရေး ရလာပါစေလို့ ဆုတောင်းပါတယ်။

ဒီကိစ္စမှာ တာဝန်ရှိသူတွေကလည်း ပညာရှိရှိနဲ့ မှန်မှန် ကန်ကန် ဆုံးဖြတ်နိုင်ကြပါစေ လို့လည်း ဆုတောင်းပါတယ်' လို့ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပုပ်ရဟန်းမင်းကြီးရဲ့ ရောမမြို့က စိန့်ပီတာ ရင်ပြင်မှာ ပြောခဲ့တဲ့ အီစတာ မိန့်ခွန်းကို လူတွေ ထောင်ချီပြီး လာရောက် နားထောင်ခဲ့

ခရစ်ယာန် ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ နေရာရှိတဲ့ အရှေ့အလယ်ပိုင်းဒေသက အစ္စရေးနဲ့ ပါလက်စတိုင်း အငြင်းပွားမှု အပါအဝင် ယီမင်က ပြည်တွင်းစစ်မှာလည်း အကာအကွယ်မဲ့သူ အရပ်သားတွေပါ ထိခိုက် ခံစားနေရပြီး တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့ အပြန်အလှန် လေးစားမှုတွေက ကွဲပြားမှုနဲ့ အကြမ်းဖက်မှုတွေကို လွှမ်းမိုးပါစေ ဆိုတဲ့ ဆုတောင်းလည်း ပုပ်ရဟန်းမင်းကြီးရဲ့ မိန့်ခွန်းထဲမှာ ပါဝင်ပါတယ်။

တောင်ဆူဒန်နဲ့ ကွန်ဂိုနိုင်ငံ အပါအဝင် ယူကရိန်းနဲ့ ဗင်နီဇွဲလားက အကြမ်းဖက်မှုတွေလည်း ရပ်ဆိုင်းသွားဖို့ မျှော်လင့်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ရောမမြို့က စိန့်ပီတာ ရင်ပြင်မှာ ပြောခဲ့တဲ့ အီစတာ မိန့်ခွန်းကို လူတွေ ထောင်ချီပြီး လာရောက် နားထောင်ခဲ့ကြပါတယ်။

ပုပ်ရဟန်မင်းဖြစ်လာလာ ငါးနှစ် ရှိပြီဖြစ်တဲ့ ပုပ် ဖရန်စစ်ဟာ သူ့ရဲ့ သက်တမ်း တလျှောက်မှာ ဆီးရီးယား အရေးနဲ့ ပတ်သက်ပြီး အစဉ်တစိုက် ဝေဖန် တိုက်တွန်းနေသူလည်း ဖြစ်ပါတယ်။

ပုပ် ဖရန်စစ်ဟာ ၂၀၁၃ ခုနှစ်ကလည်း ဆီးရီးယားနိုင်ငံကို အနောက်နိုင်ငံတွေက စစ်ရေးစွက်ဖက် တိုက်ခိုက်တာကို ဆန့်ကျင်မှုမှာ ဦးဆောင်ခဲ့သူ တဦးလည်း ဖြစ်တယ်လို့ ဗာတီကန် ဘီဘီစီ သတင်းထောက် ဒေးဗစ် ဝီလ်လေက ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံရောက်ရှိ