အပြာမယ်ကို ငွေပေးထားတဲ့ စာရွက်တွေကို FBI သိမ်းသွား

  • 9 ဧပြီ 2018
Image caption ထရမ့်ရဲ့ လူယုံ မိုက်ကယ်ကိုဟင်

ဒေါ်နယ် ထရမ့်ရဲ့ လက်စွဲ၊ အမေရိကန် သမ္မတ မဖြစ်ခင် ကတည်းက ထရမ့်ရဲ့ ပုဂ္ဂလိက ကိစ္စတွေ အရေး ကိုင်တွယ်ပေးနေသူ ရှေ့နေ မိုက်ကယ် ကိုဟင်ရဲ့ နေအိမ်နဲ့ ရုံးခန်းတွေကို FBI ထောက်လှမ်းရေး အဖွဲ့က ဝင်ရောက် စီးနင်း ခဲ့ပါတယ်။

မစ္စတာ ထရမ့် အနိုင်ရခဲ့တဲ့ ၂ဝ၁၆ ရွေးကောက်ပွဲမှာ ရုရှားက ကြားဝင် စွက်ဖက်တာတွေ လုပ်ခဲ့သလား ဆိုတာကို စုံစမ်း နေတဲ့ အထူး အမှုလိုက် ရှေ့နေ ရောဘတ်မူလာရဲ့ ညွှန်ကြားချက်နဲ့ FBI က အခုလို ဝင်ရောက် စီးနင်းတာ ဖြစ်ပါတယ်။

မစ္စတာကိုဟင်နဲ့ အမှုသည်တွေကြား လျှို့ဝှက် ထားရှိရတဲ့ စာရွက်စာတမ်းတွေကို နယူးယောက်မြို့ အာဏာပိုင်တွေ သိမ်းဆည်း သွားတယ် ဆိုပြီး မစ္စတာ ကိုဟင်ဘက်က ထုတ်ပြန် ပါတယ်။

သဘောကတော့ ရှေ့နေနဲ့ အမှုသည်ကြားက အကြောင်း ကိစ္စမျိုးဆိုတာ မပေါက်ကြားစေပဲ လျှို့ဝှက် ထားရှိရမှာ ဖြစ်ပြီး၊ အစိုးရ အပါအဝင် ဘယ်သူမှ ဒါကို ဇွတ်အတင်းအကြပ် ရယူခွင့် မရှိပါဘူး။

အခုတော့ FBI က ဒီ အချက်ကို ချိုးဖောက်ပြီး မစ္စတာကိုဟင်ရဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်း သွားတာ ဖြစ်တယ်လို့ ဆိုလိုတာပါ။

Image caption နှုတ်ပိတ်ခ ရခဲ့တယ်လို့ မစ္စဒင်နီရယ် ပြောထား

FBI ရရှိ သွားတဲ့ စာရွက်စာတမ်းတွေထဲ ဖို-မ ဆံဆက်ရေး လိင်ရုပ်ရှင်တွေထဲက သရုပ်ဆောင် အမျိုးသမီး Stormy Daniels ကို ငွေကြေးတွေ ပေးခဲ့တာ ဖော်ပြနေတဲ့ အထောက်အထားတွေလည်း ပါဝင် နေတယ်လို့ နားလည်ရပါတယ်။

နာမည်အရင်းကတော့ Stephanie Clifford ဖြစ်တဲ့ အဲဒီ့ အပြာကား သရုပ်ဆောင် မင်းသမီး ဟာ သူနဲ့ ဒေါ်နယ်ထရမ့်အကြား လိင်ပိုင်း အဆက်အဆံ ရှိဖူးတယ်လို့ ပြောဆိုထားသူ ဖြစ်ပါတယ်။

ထရမ့်ရဲ့ ဇနီး မလာနီယာ ကလေးမီးဖွား ပြီးစ၊ ထရမ့်နဲ့သူကြား ဇာတ်လမ်းရှိခဲ့ပြီး နောက်ပိုင်း သူ့ကို နှုတ်ပိတ်ခ ပေးခဲ့တယ်လို့ မစ္စ ဒင်နီရယ်က ပြောထားပါတယ်။

အဲဒီ အမျိုးသမီးကို ဒေါ်လာ တစ်သိန်းသုံးသောင်း ပေးခဲ့တယ် ဆိုတဲ့ အချက်ကို ထရမ့်ရဲ့ ရှေ့နေ မစ္စတာ ကိုဟင်ကလည်း ဝန်ခံ ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
အပြာမင်းသမီးက ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်မိကြောင်းပြော

ထရမ့်ကိုယ်တိုင်ကတော့ မစ္စ ဒင်နီရယ်နဲ့ကြား အဆက်အစပ် ဇာတ်လမ်း ရှိခဲ့တယ် ဆိုတာ ငြင်းပယ်ထားသလို၊ သူ့ရဲ့ ရှေ့နေ မစ္စတာ ကိုဟင်က အဲဒီ အမျိုးသမီးကို ငွေပေးခဲ့တယ် ဆိုတဲ့ အချက်ကိုလည်း သူ သိမထားဘူးလို့ ပြောထားပါတယ်။

အခုလို သမ္မတ တစ်ယောက် ပုဂ္ဂိုလ်ရေး အသုံးပြုတဲ့ ရှေ့နေကို ဗဟိုအစိုးရရဲ့ အေဂျင်စီ အဖွဲ့က ပစ်မှတ်ထားလာတာဟာ တော်ရုံတန်ရုံ ကိစ္စ မဟုတ်ဘူးလို့ ဝါရှင်တန်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက် အန်ထနီ ဇာခါက ဆိုပါတယ်။

Image caption အပြာမယ် ကိစ္စ ထရမ့်ကတော့ ငြင်းဆိုထား

မစ္စတာကိုဟင်ဟာ သမ္မတ ထရမ့်ရဲ့ ရှေ့နေသက်သက် မဟုတ်ပဲ၊ လူယုံတစ်ယောက်၊ ထရမ့် ပြဿနာတွေကို ဖြေရှင်းပေးသူ တစ်ယောက် ဖြစ်ပြီး၊ ထရမ့်နဲ့ရုရှားကြား အဆက်အစပ် ရှိသလား ဆိုတာ စုံစမ်းနေမှုမှာလည်း အာရုံစိုက် ခံနေရသူ ဖြစ်ပါတယ်။

အခုဆိုရင် မစ္စတာ ကိုဟင်နဲ့ ဆက်စပ်ပြီး သိမ်းဆည်းခဲ့တဲ့ စာရွက်စာတမ်းတွေဟာ အမေရိကန် ဗဟိုအစိုးရရဲ့ ဒုတိယ ရှေ့နေချုပ် လက်ထဲထိ ရောက်သွားပြီး၊ နယူးယောက်မြို့ တောင်ပိုင်းခရိုင် အစိုးရ အမှုလိုက် ရှေ့နေက ဒီကိစ္စကို ဆက်လက် ကိုင်တွယ်မှာ ဖြစ်တယ်လို့ သိထား ရပါတယ်။

ဆက်စပ် အကြောင်းအရာများ