ရှေးဟောင်းကြေးရေကရားအိုး ရောင်းချမှု တရုတ်ကန့်ကွက်

  • 12 ဧပြီ 2018
ဓာတ်ပုံ မူပိုင် CANTERBURY AUCTION GALLERIES
Image caption ဒီကရားအိုးကို Tiger Yingလို့ အမည်ပေးထားတယ်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀ဝနဲ့ ၃၆၀၀ကြားက ပြုလုပ်ခဲ့တဲ့ တရုတ်ရဲ့ ရှားပါး ရှေးဟောင်း ကြေးရေကရားအိုးကို တရုတ်အစိုးရက ကန့်ကွက်နေတဲ့ကြားက ဗြိတိန်နိုင်ငံက လေလံပွဲ တခုမှာ ရောင်းချလိုက်ပါတယ်။

မကြာခင်က ဒီကြေးရေကရားအိုးကို ပြန်လည် တွေ့ရှိခဲ့တာ ဖြစ်ပြီး လေလံပွဲမှာ ပေါင် ၄သိန်းကျော်နဲ့ ရောင်းချလိုက်တယ်လို့ Canterbury လေလံပြခန်းက ပြောပါတယ်။

ဒီရေကရားအိုး ပတ်ပတ်လည်မှာ ထွင်းထုထားတဲ့ တိရစ္ဆာန် ရုပ်ပုံတွေကို အစွဲပြုပြီး ဒီကရားအိုးကို Tiger Yingလို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်။

ရှားပါး ရှေးဟောင်းကြေးရေကရားအိုးဟာ ၁၉ ရာစုတုန်းက တရုတ်ဆီကနေ တရားမဝင် ယူဆောင်သွားတာကြောင့် လေလံရောင်းချတာကို တရုတ်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးဌာနက ကန့်ကွက်ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် CANTERBURY AUCTION GALLERIES

၁၈၆၀ ခုနှစ်က နွေရာသီနန်းတော်ကို ဗြိတိန်က သိမ်းပိုက်ခဲ့အပြီးမှာ စစ်သားတဦးက ယူဆောင်သွားတာလို့ ဆိုပါတယ်။

တရုတ်အစိုးရက ဒီပစ္စည်းကို မရောင်းချဖို့ Canterbury လေလံ ပြခန်းကို နည်း အမျိုးမျိုးနဲ့ ဆက်သွယ်ပြီး တရုတ်တို့ရဲ့ ခံစားချက်ကို နားလည်ဖို့နဲ့ ယဉ်ကျေးမှု အခွင့်အရေးကို လေးစားဖို့ ပြောဆိုခဲ့ပေမယ့် ပြခန်းဘက်က မတုံ့ပြန်ခဲ့လို့ ဆိုပါတယ်။

ဒီရေကရားအိုးနဲ့အတူ ကွင်မင်းဆက်ခေတ်က ကြေးလက်ရာ ၃ ခုကိုလည်း Kentက နေအိမ်တခုမှာ တွေ့ရှိခဲ့တာ လို့ဆိုပါတယ်။ ဒီလက်ရာတွေကတော့ ပေါင် ၁ သိန်းကျော်ကနေ ၂ သိန်းအကြား ဈေးရှိတယ်လို့ ဆိုပါတယ်။

ဒီလို အလားတူ ရေကရားအိုးမျိုး ၆ ခုလောက်ရှိပြီး ဘီစီ ၁၀၂၇-၇၇၁ ခုနှစ် Zhou မင်းဆက်လက်ထက်ကလို့ ဆိုပါတယ်။

ဆက်စပ် အကြောင်းအရာများ