ကန်၊ UKနဲ့ ပြင်သစ်က ဆီးရီးယားကို တိုက်အပြီး ဖြစ်စဉ်များ

  • 14 ဧပြီ 2018
ဓာတ်ပုံ မူပိုင် PA
Image caption အမေရိကန်၊ ယူကေနဲ့ ပြင်သစ်တို့ရဲ့ လေတပ်နဲ့ ရေတပ်တို့က ဆီးရီးယားရဲ့ ဓာတုလက်နက်ဆိုင်ရာနဲ့ တခြား စစ်ရေး ပစ်မှတ်တွေကို ဒုံးကျည် ၁၀၅ လုံးနဲ့ ပစ်ခတ်ခဲ့

ဆီးရီးယားအစိုးရက ဧပြီလ ၇ ရက်နေ့မှာ ဒူမာမြို့အတွင်း ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေ ဒါဇင်နဲ့ ချီ သေဆုံးရတယ်ဆိုပြီး အမေရိကန်၊ ယူကေနဲ့ ပြင်သစ်တို့ရဲ့ လေတပ်နဲ့ ရေတပ်တို့က ဧပြီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၈ နာရီခွဲလောက် မှာ ဆီးရီးယားရဲ့ ဓာတုလက်နက်ဆိုင်ရာ ပစ်မှတ်တွေကို ဒုံးကျည် ၁၀၅ လုံးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အခုလို ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေထဲမှာ အမေရိကန်က ပစ်တာ အများဆုံးဖြစ်ပြီး ယူကေက ရှစ်လုံးနဲ့ ပြင်သစ်က ၁၂ လုံး ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဒုံးကျည်နဲ့ ပစ်ခတ်မှုကို ရုရှား လေကြောင်းကာကွယ်ရေး စနစ်က ပစ်မချ ခဲ့ပေမယ့် ဆီးရီးယားရဲ့ ဆိုဗီယက် ခေတ်က လေကြောင်းကာကွယ်ရေး စနစ်တွေက ပစ်ချဖို့ ကြိုးစားခဲ့ပြီး တချို့ကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် အဲဒီနိုင်ငံ သုံးနိုင်ငံရဲ့ ဒုံးကျည်တွေဟာ သူတို့ ပစ်မှတ်ထားတဲ့ မြို့တော် ဒမတ်စကက်က ဓာတုလက်နက်တွေ ရှိတယ်လို့ ယူဆရတဲ့ Barzeh သိပ္ပံ သုတေသနနဲ့ ဖွံ့ဖြိုရေး ဗဟိုဌာန၊ ဟွန်းမ်စ်မြို့ အနောက်ပိုင်းက Him Shinshar ဓာတု လက်နက် သိုလှောင်ရုံနဲ့ ကတုတ်ကျင်း နေရာတွေကို အဓိက ပစ်မှတ်ထားပြီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြေညာထား ပါတယ်။

အဲဒီနောက်ပိုင်းသတင်းတွေကိုတော့ အောက်မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
လိပ်ကန်သစ် မဟာမိတ်တွေ ဆီးရီးယားကိုတိုက်
ဓာတ်ပုံ မူပိုင် Getty Images
Image caption သူတို့ရဲ့ ဓာတုလက်နက် အင်အား သိသိသာသာ အားနည်းသွားလို့ ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဖလော်ဟွန့်စ် ပါဟ်လီ ပြော
  • ၁၆:၃၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၂၃:၃၀

မြောက်အတ္တလန္တိတ် စစ်စာချုပ် နေတိုး အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ယန်းစတိုတန် ဘာ့ဂ်က ဆီးရီးယား အပေါ် တိုက်ခိုက်မှုတွေကို နေတိုးက အပြည့်အဝ ထောက်ခံတယ်လို့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲ မြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

ဆီးရီးယားအစိုးရဟာ အပြစ်ပေးခံရခြင်း မရှိပဲ ဓာတုလက်နက်တွေကို သုံးနေတဲ့ အပေါ် နေတိုးအဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း သူက ပြောပါတယ်။

ဒီလို အသုံးပြုမှုတွေ ပုံမှန်လို ဖြစ်လာရင် အရင်ဆုံး အန္တရာယ်တွေ့မှာက ဆီးရီးယား ပြည်သူတွေ ဖြစ်ပြီး နေတိုးအဖွဲ့ရဲ့ လုံခြုံရေးကိုလည်း ထိခိုက်လာမှာ ဖြစ်တဲ့အတွက် တာဝန်ရှိတဲ့သူ တာဝန်ယူရမယ်လို့လည်း မစ္စတာ စတိုတန် ဘာ့ဂ်က ပြောခဲ့ပါတယ်။

ပြင်သစ် ကာကွယ်ရေးဝန်ကြီး ဖလော်ဟွန့်စ် ပါဟ်လီက ဆီးရီးယားကို တိုက်ခိုက်အပြီးမှာ သူတို့ရဲ့ ဓာတုလက်နက် အင်အား သိသိသာသာ အားနည်းသွားပြီး စစ်ဆင်ရေး အောင်မြင်မှု ရှိတယ်လို့ ပြောကြား ခဲ့ပါတယ်။

ဆီးရီးယားရဲ့ လေကြောင်း ကာကွယ်ရေး စနစ်ဟာ ထိရောက်မှု ရှိခဲ့ပေမယ့် အသုံးချနိုင်စွမ်း အကန့်အသတ် ရှိနေတာကိုလည်း ဒီတိုက်ခိုက်မှုက သက်သေ ပြနိုင်ခဲ့တယ်လို့ ပြင်သစ် ကာကွယ်ရေး ဦးစီးချုပ်က ပြောပါတယ်။

ရုရှားက ချထားတဲ့ လေကြောင်း ကာကွယ်ရေး စနစ်တွေကတော့ လှုပ်ရှားမှု မရှိခဲ့ဘူးလို့လည်း သူက ပြောပါတယ်။

အမေရိကန် သမ္မတကလည်း စစ်ဆင်ရေး အောင်မြင်ပြီလို့ အစောပိုင်းမှာ တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်နဲ့ ဆိုဗီယက်တို့ရဲ့ စစ်အေး တိုက်ပွဲ ပုံစံမျိုး အပြန်အလှန် တုံ့ပြန်မှုတွေ ရှိလာလို့ ကုလသမဂ္ဂ အတွင်းရေမှူးချုပ် အန်တိုနီယို ဂူတဲရက်စ် ပြော
  • ၁၅:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၂၁:၃၀

ရုရှားက တောင်းဆိုမှုနဲ့ မကြာခင် ကျင်းပတော့မယ့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ဆီးရီးယားကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ကြတာနဲ့ ပတ်သက်လို့ ကျူးကျော်တိုက်ခိုက်မှု အနေနဲ့ ရှုတ်ချဖို့ အဆိုတင်သွင်းထားတဲ့ မူကြမ်းကို ရရှိ ဖတ်ရှုထားတယ်လို့ အေအက်ဖ်ပီ သတင်းဌာနက ပြောပါတယ်။

ပြင်သစ်၊ ယူကေနဲ့ အမေရိကန်တို့က ဆီးရီးယားနိုင်ငံ ဒူမာမြို့က ဓာတုလက်နက်နဲ့ တိုက်ခိုက်မှုကို တုံ့ပြန် အပြစ်ပေးတဲ့ အနေနဲ့ ပူးပေါင်း စစ်ဆင်မှုကို ရှုတ်ချဖို့အတွက် အစည်းအဝေးတက်လာမယ့် တခြား နိုင်ငံတွေကိုလည်း ရုရှားက ကြိုတင် အသိပေးနေပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဆီးရီးယား အရေးကို စစ်ရေးနည်းလမ်းနဲ့ အဖြေမရှာပဲ နိုင်ငံရေး နည်းလမ်းနဲ့ အဖြေရှာဖို့ စပြီး လုပ်ရမယ်လို့လည်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်က ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ဂျာမနီ၊ တူရကီ၊ ဆော်ဒီ၊ ကာတာ၊ ကနေဒါ၊ ဂျပန်၊ သြစတြေးလျ၊ အစ္စရေးတို့က အမေရိကန်၊ ယူကေ၊ ပြင်သစ်တို့ရဲ့ လေကြောင်းတိုက်ခိုက်တာကို ထောက်ခံ
  • ၁၁:၃၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၈:ဝ၀

လေကြောင်းတိုက်ခိုက်တာ နိုင်ငံတကာ ဥပဒေ ချိုးဖောက်တာလို့ တရုတ် ကန့်ကွက်

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဂရုမစိုက်ပဲ စစ်ရေး အင်အား အသုံးပြုတာဟာ နိုင်ငံတကာ ဥပဒေရဲ့ အခြေခံနဲ့ စံနှုန်းတွေကို ချိုးဖောက်တာ ဖြစ်ပြီး ဒါကို တရုတ်နိုင်ငံ အနေနဲ့ အစဉ်တစိုက် ဆန့်ကျင်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟွာချွန်ရင်းက ပြောဆိုခဲ့ပါတယ်။

-ဆီးရီးယားအပေါ် တိုက်ခိုက်မှုကို ထောက်ခံတဲ့ နိုင်ငံများ

အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျာမနီ၊ တူရကီ၊ ဆော်ဒီ၊ ကာတာ၊ ကနေဒါ၊ ဂျပန်၊ သြစတြေးလျ၊ အစ္စရေး

-ဆီးရီးယားအပေါ် တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ နိုင်ငံများ

ဆီးရီးယား၊ ရုရှား၊ အီရန်၊ တရုတ်

ဓာတ်ပုံ မူပိုင် AFP PHOTO/ HO/ DOUMA CITY CO-ORDINATION COMMITTEE
Image caption ဒူမာမြို့က တိုက်ခိုက်မှုကို အနောက်နိုင်ငံတွေက ဇာတ်လမ်းဆင်တာ လို့လည်း ရုရှားက အစောပိုင်းမှာ ပြော
  • ၁၁:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၇:၃၀

နိုင်ငံတကာ ဓာတုလက်နက် တားဆီးရေး အဖွဲ့က စီစဉ်ထားတဲ့အတိုင်း ဒူမာမြို့မှာ ဧပြီလ ၇ ရက်နေ့က ဖြစ်ခဲ့တဲ့ ဓာတုလက်နက် တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ရုရှား၊ အီရန်နဲ့ ဆီးရီးယားတို့ကတော့ အဲဒီ အဖွဲ့ မစစ်ဆေးခင်မှာ တိုက်ခိုက်မှုဟာ စစ်ဆေးမှု အနှောက်အယှက်ဖြစ်အောင် တမင် စီစဉ်တာလို့ ပြောဆိုထားပါတယ်။

အဲဒီ ဒူမာမြို့က တိုက်ခိုက်မှုကို အနောက်နိုင်ငံတွေက ဇာတ်လမ်းဆင်တာ လို့လည်း ရုရှားက အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ဓာတုလက်နက်တွေ အသုံးပြုမှုဟာ ဖြစ်နေကျ ပုံစံဆိုတဲ့ အခြေအနေမျိုး ရောက်မလာအောင် လုပ်ဖို့က UK ရဲ့ အကျိုးစီးပွား ဖြစ်
  • ၁၀:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၆:၃၀

ဆီးရီးယားကို စစ်ရေး တိုက်ခိုက်လိုက်တာဟာ ဓာတုလက်နက်တွေကို အပြစ်ပေး မခံရပဲ သုံးလို့ရမယ်လို့ ယူဆသူတွေကို သတိပေး အချက်ပြလိုက်တာပဲလို့ UK ဝန်ကြီးချုပ် ထရီစာ မေက ပြောကြားလိုက်ပါတယ်။

အခုလို ဓာတုလက်နက်တွေ အသုံးပြုမှုဟာ ဖြစ်နေကျ ပုံစံဆိုတဲ့ အခြေအနေမျိုး ရောက်မလာအောင် လုပ်ဖို့က UK ရဲ့ အကျိုးစီးပွား ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ပြင်သစ်သမ္မတ အီမန်နျူရဲ မာခွန်းကလည်း ဓာတုလက်နက်တွေ သုံးတာဟာ ပြင်သစ်ရဲ့ သည်းခံနိုင်စွမ်းကို ကျော်သွားပြီလို့ ပြောဆိုခဲ့ပါတယ်။

ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာခဲလ်ကလည်း ဆီးရီးယားကို စစ်ရေး တိုက်ခိုက်မှု လိုအပ်ကြောင်း ထောက်ခံခဲ့ပြီး မျှတတဲ့ တုံ့ပြန် အပြစ်ပေးမှု ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ နေတိုးရဲ့ အတွင်းရေးမှူးချုပ် ယန်းစတိုတန် ဘာ့ဂ် ကလည်း ဒီတိုက်ခိုက်မှုကို ထောက်ခံခဲ့ပြီး ဓာတုလက်နက် သုံးတာဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တာလို့ ယူဆကြောင်း ပြောဆိုခဲ့ပါတယ်။

အစောပိုင်းမှာတော့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ဖလော်ဟွန့်စ် ပါဟ်လီ က သူတို့ တိုက်ခိုက်မှု မလုပ်ခင် ရုရှားကို အသိပေးခဲ့ပြီး ထိပ်တိုက် တွေ့ချင်တဲ့ သဘောထားနဲ့ လုပ်ခဲ့တာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

  • ၀၉:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၅:၃၀

ဆီးရီးယား အစိုးရ ထောက်ခံတဲ့ Al-Ikhbariyah al-Suriyah သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ သူတို့ ဖျက်ချနိုင်ခဲ့တဲ့ ဒုံးကျည် အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

ဟွန်းမ်စ် မြို့ပြင် တနေရာမှာ ဒီပုံတွေကို ရိုက်ယူထားတာလို့ အဲဒီ သတင်းဌာနက ပြောပါတယ်။

Image caption Al-Ikhbariyah al-Suriyah သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ သူတို့ ဖျက်ချနိုင်ခဲ့တဲ့ ဒုံးကျည် အစိတ်အပိုင်းတွေ
Image caption Al-Ikhbariyah al-Suriyah သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ သူတို့ ဖျက်ချနိုင်ခဲ့တဲ့ ဒုံးကျည် အစိတ်အပိုင်းတွေ
Image caption Al-Ikhbariyah al-Suriyah သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ သူတို့ ဖျက်ချနိုင်ခဲ့တဲ့ ဒုံးကျည် အစိတ်အပိုင်းတွေ
  • ၀၈:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၄:၃၀

ဆီးရီးယားကို အမေရိကန်၊ ဗြိတိန် ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ တိုက်ခိုက်မှုဟာ ကျူးကျော်တာလို့ ရုရှား သမ္မတ ပူတင်က ပြောဆိုလိုက်ပြီး ဒီတိုက်ခိုက်မှုကို ရှုတ်ချလိုက်ပါတယ်။

ဒါအပြင် ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေး တရပ်ခေါ်ယူဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

ဗြိတိန်ကာကွယ်ရေး ဝန်ကြီး Gavin Williamson ကတော့ ဆီးရီးယားကို ဗြိတိန်ရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုက အောင်မြင်သလို ပါဝင်တိုက်ခိုက်တဲ့ လေယာဉ်မှူး ၄ ဦးလုံး ဗြိတိန်ကို လုံလုံခြုံခြုံ ပြန်ရောက်လာတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလသမဂ္ဂ အရေးပေါ် အစည်းအဝေး တရပ်ခေါ်ယူဖို့လည်း တိုက်တွန်း
  • ၀၅:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ၁၁:၃၀

ဆီးရီးယားကလည်း ဒီတိုက်ခိုက်မှုကို တရားမဝင်တဲ့ တိုက်ခိုက်မှု တခုလို့ တုံ့ပြန်ုလိုက်ပြီး မြို့တော် Damascusမှာ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှု မရှိဘူးလို့ ဆိုပါတယ်။

Homsမြို့အနီးမှာ တိုက်ခိုက်မှုကြောင့် လူ ၃ ဦး ဒဏ်ရာရသွားတယ်လို့လည်း ဆီးရီးယား အစိုးရ သတင်းဌာနက ထုတ်ပြန်ပါတယ်။

ဒါအပြင် ဆီးရီးယား အာဆတ် အစိုးရကို ထောက်ခံတဲ့သူတွေကိုလည်း ဆီးရီးယား ရုပ်သံကနေ ပြသခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား အာဆတ် အစိုးရကို ထောက်ခံတဲ့သူတွေကိုလည်း ဆီးရီးယား ရုပ်သံကနေ ပြသခဲ့
  • ၀၃:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ဝ၉:၃၀

-ဒမတ်စကက်မြို့မှာ ပေါက်ကွဲသံ ၆ ကြိမ် ကြားရတယ်လို့ ဒေသခံ တဦးက ရိုက်တာ သတင်းဌာနကို ပြော

-နောက်တဦးကတော့ မြောက်ပိုင်း ဘာဇား ဒေသကို ထိခဲ့တယ်လို့ ပြော

-ဘာဇားဒေသမှာ ဆီးရီးယား အစိုးရရဲ့ သိပ္ပံ လေ့လာမှုနဲ့ သုတေသန ဗဟို အဆောက်အအုံ ရှိပြီး အဲဒီ နေရာမှာ ဓာတုလက်နက်တွေ ထားတယ်လို့ အနောက်နိုင်ငံက ထောက်လှမ်းရေးတွေက ယူဆ

ဓာတ်ပုံ မူပိုင် Reuters
Image caption ဒမတ်စကက်မြို့မှာ ပေါက်ကွဲသံ ၆ ကြိမ် ကြားရ
  • ၀၂:ဝ၀ ဂရင်းနစ် စံတော်ချိန် (UK) - မြန်မာစံတော်ချိန် ဝ၈:၃၀

-ဧပြီလ ၇ ရက်နေ့ ဒူမာမြို့က ဓာတုလက်နက် တိုက်ခိုက်မှုကို အပြစ်ပေး တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်၊ ပြင်သစ်နဲ့ ယူကေတို့က ဆီးရီးယား အစိုးရဌာနပိုင် အဆောက်အအုံတွေကို ဒုံးကျည်နဲ့ စတင် ပစ်ခတ်ကြောင်း ကြေညာ

-ဆီးရီးယားရဲ့ ဓာတုလက်နက်နဲ့ ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထားလို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ပြော

-ဆီးရီးယားမြို့တော် ဒမတ်စကက်မှာ ပေါက်ကွဲသံတွေ ကြားရ

Image caption ဆီးရီးယား စစ်မြေပြင်
Image caption ဆီးရီးယားရဲ့ ဓာတုလက်နက်နဲ့ ဆိုင်တဲ့ နေရာတွေကို ပစ်မှတ်ထား
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်၊ ပြင်သစ်နဲ့ ယူကေတို့က ဆီးရီးယား အစိုးရဌာနပိုင် အဆောက်အအုံတွေကို ဒုံးကျည်နဲ့ စတင် ပစ်ခတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ဆီးရီးယားနဲ့ အနောက်အုပ်စုတွေကြား တင်းမာမှု

ဆက်စပ် အကြောင်းအရာများ