မြောက်ကိုရီးယား ပြန်ပေးဆွဲခံရတဲ့ မင်းသမီးကွယ်လွန်

  • 17 ဧပြီ 2018
ဓာတ်ပုံ မူပိုင် AFP
Image caption ချွယ်အွန်ဟီးနဲ့ ခင်ပွန်း

မြောက်ကိုရီးယားက ပြန်ပေးဆွဲခံခဲ့ရဖူးတဲ့ ရုပ်ရှင်မင်းသမီး ချွယ် အွန်ဟီး ဟာ အသက် ၉၁ နှစ်အရွယ် မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

တကယ့်ဖြစ်ရပ်တွေဟာ စိတ်ကူးယဉ်ထက် ဆန်းကြယ်တယ်လို့ ပြောဆိုလေ့ရှိကြတဲ့ အထဲမှာ ချွယ်အွန်ဟီးရဲ့ အဖြစ်အပျက်လည်း အကျုံးဝင်နိုင်ပါတယ်။

သူဟာ တချိန်က အောင်မြင်ကျော်ကြားခဲ့တဲ့ တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး တယောက်ပါ။ သူ့ရဲ့ ခင်ပွန်းဟောင်းဟာလည်း အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင် ဒါရိုက်တာတယောက်ဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်ပတ်ဝန်းကျင်မှာတော့ သူရဲ့အောင်မြင်မှုဟာ အကျဘက် ရောက်လာပါတယ်။ အဲဒီအချိန်မှာ ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် အသွင်ယူထားသူတယောက်က သူနဲ့ဖက်စပ်လုပ်ပြီး ရုပ်ရှင် ကုမ္ပဏီတခု ထူထောင်ဖို့ ချဉ်းကပ်လာပါတယ်။ ကမ်းလှမ်းချက်ဟာ ငွေကြေးအရ မက်လောက်တဲ့ ပမာဏ ဖြစ်သလို သူ့အနေနဲ့ ရုပ်ရှင်မင်းသမီးအဖြစ်ကနေ ဒါရိုက်တာတယောက်အဖြစ်နဲ့ အောင်အောင်မြင်မြင် ဆက်လက် ရှင်သန်နိုင်မယ့် အခွင့်အရေးတခုလည်း ဖြစ်နေပါတယ်။

တရုတ်ကိုသွားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ဘယ်သူလဲ

ဓာတ်ပုံ မူပိုင် BBC/SHIN FILMS FOUNDATION
Image caption ကင်ဂျုံအီးနဲ့ ချွယ်တို့ မောင်နှံ

တကယ်တော့ အဲဒီဖြစ်စဉ်ရဲ့ နောက်မှာ ရုပ်ရှင်တွေကို စိတ်ဝင်စားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်ဂျုံအီး ပါဝင်ပတ်သက်နေပါတယ်။

အခု ကင်ဂျုံအီး ပရိုဒတ်ရှင်းက ထုတ်တဲ့ စာအုပ်တအုပ်မှာ ရေးသားချက်အရ အဲဒီတုန်းက ချွယ်အွန်ဟီးကို ဟောင်ကောင်သွားဖို့ ဆွဲဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ကျွန်းတကျွန်းပေါ်မှာ တွေ့ဆုံဖို့ ချိန်းခဲ့ပါတယ်။ အဲဒီတုန်းက အဖြစ်အပျက်ကို ဘီဘီစီက ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်ထဲမှာ ချွယ်အွန်ဟီးက ပြောပြခဲ့ပါတယ်။

လမ်းတဝက်မှာ ချွယ်အွန်ဟီးရဲ့ ကားကို ရပ်တန့်ခိုင်းပြီး သူနဲ့အတူ မြောက်ကိုရီးယား ထောက်လှမ်းရေးဟာ ကားပေါ်က ဆင်းခဲ့ပါတယ်။ အနီးအနား စက်လှေတစီးပေါ်ကနေ လူတစုဆင်းလာပြီး သူတို့ကို ဖမ်းခေါ်သွားခဲ့ပါတယ်။

ဒါဟာ သူ့ကို အဲဒီတုန်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်အီဆွန်းရဲ့သား နောင်မှာ မြောက်ကိုရီးယား ခေါင်းဆောင်ဖြစ်လာမယ့် ကင်ဂျုံအီးက ဖမ်းဆီးပြန်ပေးဆွဲသွားခဲ့တာလို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားကတော့ အဲသလို ပြန်ပေးဆွဲခဲ့တယ် ဆိုတာကို တောက်လျှောက် ငြင်းဆိုခဲ့ပါတယ်။

ဗီယက်နမ်-မြောက်ကိုရီးယား အချစ်ဇာတ်လမ်း

ဓာတ်ပုံ မူပိုင် BBC/SHIN FILMS FOUNDATION
Image caption အောင်မြင်ကျော်ကြားခဲ့တဲ့ တောင်ကိုရီးယား ရုပ်ရှင်မင်းသမီး နဲ့ ဒါရိုက်တာ

အဖမ်းခံရပြီး ၈ ရက်လောက် အကြာမှာတော့ မင်းသမီးဟာ ပြုံယမ်းက အကောင်းစား အိမ်ကြီးတလုံးထဲမှာ လုံခြုံရေးတွေရဲ့ စောင့်ရှောက်မှုအောက် ရောက်နေပါတယ်။

သူ့ကို သူ့ခင်ပွန်းဟောင်း မစ္စတာရှင်က ဟောင်ကောင်အထိ လိုက်ရှာခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူလည်း ပြန်ပေးဆွဲခံခဲ့ရပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ဖြစ်လာမယ့် ကင်ဂျုံအီးဟာ ရုပ်ရှင်သိပ်ကြိုက်ပါတယ်။ ရမ်ဘိုဇာတ်ကားတွေကို ကြိုက်သူလို့ ဆိုပါတယ်။ အဲလဇ္ဇဘက်တေလာ ကားမှန်သမျှကို ကြိုက်ပါတယ်။ ဂျိမ်းစ်ဘွန်းမင်းသားကြီး ရှောင်ကွန်နရီကိုလည်း သိပ်ကြိုက်သူလို့ ဆိုပါတယ်။

မြောက်ကိုရီးယားမာရသွန် ပြည်ပက လူတွေ၀င်ပြိုင်

သူ့အနေနဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကို စိတ်ဝင်စားပေမယ့် မြောက်ကိုရီးယားရဲ့ ရုပ်ရှင် အတတ်ပညာဟာ နိုင်ငံတကာ စံချိန်မမီခဲ့လို့ အဲသလို ပြန်ပေးဆွဲပြီး ရုပ်ရှင်ရိုက်ဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

၈ နှစ်အကြာမှာတော့ မြောက်ကိုရီးယားက သူတို့ကို မြောက်ကိုရီးယားက ထွက်ခွာခွင့် ပြုခဲ့ပါတယ်။ သူတို့လင်မယားနှစ်ယောက်စလုံးဟာ အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခဲ့ပြီး နောက်ပိုင်း နှစ်တော်တော် ကြာတော့မှာ တောင်ကိုရီးယားကို ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။