ကမ္ဘာမှာ ပထမဆုံး မျက်နှာ နှစ်ခါ အစားထိုးသူ

  • 17 ဧပြီ 2018
ဓာတ်ပုံ မူပိုင် PHILIPPE LOPEZ
Image caption မျက်နှာ နှစ်ခါ ခွဲစိတ်ကုသရ

ကမ္ဘာမှာ ပထမဆုံး မျက်နှာ နှစ်ခါ အစားထိုးခဲ့တဲ့ အမျိုးသားက နောက်ဆုံးခွဲစိတ်မှုအပြီး သုံးလအကြာမှာ သူနေကောင်းပါတယ်လို့ ဆိုပါတယ်။

ဂျရုမ်း အာမွန်ဟာ ပထမအကြိမ် မျက်နှာခွဲစိတ်ကုခဲ့ပြီးနောက် အအေးမိပြီး ဆေးမတည့်ရာကနေ အဆင်မပြေဖြစ်ပြီး ဖြုတ်ပစ်ခဲ့ရပါတယ်။

အဲဒီနောက် ပဲရစ် ဆေးရုံတရုံပေါ်မှာ လှူမယ့်သူ မပေါ်လို့ မျက်နှာ မရှိဘဲ နှစ်လ နေခဲ့ရပါတယ်။

ပထမ တခေါက်က ကမန်းကတမ်း တွေ့တဲ့မျက်နှာ ယူခဲ့ရတယ်၊ ခုလည်း အတူတူပဲလို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption ခက်ခဲတဲ့ မျက်နှာ ခွဲစိတ်မှု

မစ္စတာ အာမွန်ဟာ မျိုးဗီဇ ပြဿနာကြောင့် မျက်မှာမှာ အကျိတ်အဖုတွေ ဖြစ်ပြီး မျက်နှာပျက်သွားလို့ ဒီလို ခွဲစိတ်ကုရတာ ဖြစ်ပါတယ်။

၂ဝ၁ဝ မှာ ပထမတခါ ခွဲတော့ အောင်မြင်ပါတယ်။

ဒါပေမဲ့ ၂ဝ၁၅ မှာ အအေးမိရာက ပဋိဇီဝ ဆေးမတည့် ဖြစ်ပါတယ်။

သူက ခန္ဓာပြင်ပက တစိမ်း မျက်နှာ တပ်ဆင်ထားသူ ဆိုတော့ ဒါကို ကိုယ်ခံအား စနစ်က ခုခံမှာကို တားဆီးတဲ့ ကုထုံးတွေ ယူခဲ့ပါတယ်။

ဒီကုထုံးနဲ့ ပဋိဇီဝဆေးမတည့် ဖြစ်တာပါ။

၂ဝ၁၆ နဲ့ မနှစ် နိုဝင်ဘာလမှာ ဒီ ဆေးမတည့်တဲ့ လက္ခဏာတွေ ပေါ်ပြီး မျက်နှာ ပုပ်သိုးလာလို့ ဖယ်ရှားခဲ့ရပါတယ်။

မစ္စတာ အာမွန်ဟာ ပဲရစ်က ဂျော့ ပွန်ပီဒူ ဆေးရုံမှာ မျက်နှာ မရှိဘဲ နေခဲ့ရတာပါ။

မျက်နှာ အလှူရှင် ပေါ်လာတဲ့ ဇန်နဝါရီလထိ ဘာမှ မမြင် မကြားနိုင်၊ မပြောနိုင်တဲ့ ဘဝပါပဲ။

နောက်ထပ် ဓာတ်မတည့်တာတွေ ထပ်မဖြစ်အောင် မစ္စတာ အာမွန်ဟာ မျက်နှာ အစားမထိုးခင်မှာ သွေးသန့်စင်တဲ့ ကုထုံးကို ယူခဲ့ရပါတယ်။

ဓာတ်ပုံ မူပိုင် PHILIPPE LOPEZ
Image caption မျက်နှာ ခွဲစိတ် ပါမောက္ခနဲ့ လူနာရဲ့ မျက်နှာများ

သူ့မျက်နှာသစ် ဟာ ခုထိ လှုပ်ရှားလို့ မရသေးပါဘူး။

သူ့ခေါင်းရိုးခွံနဲ့ မျက်နှာလည်း သေချာ မတည့်မတ်ရသေးပါဘူး။

ဒါပေမဲ့ သူကတော့ ဒီခွဲစိတ်မှုကို မျှော်လင့်ချက် အပြည့်နဲ့ပါ။

ထက်ပြဿနာ ဖြစ်မှာ စိုးလို့ ဒီမျက်နှာသစ်ကို မယူလိုက်ရင် ကျွန်တော် မျက်နှာ မရှိ ဖြစ်နေမှာပဲ။ ခုတော့ ကောင်းပါတယ်။ ကိုယ်ပိုင်မျက်နှာနဲ့ ကိုယ်ပေါ့လို့ အာမွန်က ဆိုပါတယ်။

ကျွန်တော့ အသက်က ၄၃၊ မျက်နှာ အလှူရှင်က ၂၂ နှစ် ဆိုတော့ ကျွန်တော်လည်း ၂၂ ပြန်ဖြစ်တာပေါ့လို့လည်း ဆိုပါတယ်။

သူ့မျက်နှာ ကို လွန်ခဲ့တဲ့ ၈ နှစ်က အရင်တခါ ခွဲစိတ်ပေးတဲ့ ပါမောက္ခ Laurent Lantieri ကပဲ ဒီတခါ ခွဲစိတ် ပေးတာပါ။

မျက်နှာ အစားထိုး ခွဲစိတ်မှုကို နှစ်ခါ လုပ်လို့ရကြောင်း ရှာဖွေတွေ့ခဲ့ပြီ လို့လည်း သူက ဆိုပါတယ်။

လူနာကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်း ကုသနိုင်လို့လည်း ဆေးပညာရှင်တွေက ချီးကျူးနေကြပါတယ်။

ပထမဆုံး မျက်နှာ အစားထိုးခွဲစိတ်တာကို ပြင်သစ် မြောက်ပိုင်းမှာ ၂ဝဝ၅ က လုပ်ခဲ့ပြီးနောက် ကမ္ဘာတဝှမ်း ဒီလို ခွဲစိတ်မှု အခု ၄ဝ လုပ်ခဲ့ပြီး ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ